![]() | |
| အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအပေါ် ကြောက်ရွံ့မုန်းတီးမှုများအား ဆန့်ကျင်ရေးနေ့ (၁၇ ရက်၊ မေ လ၊ ၂၀၁၅ ခုနှစ်) |
လိင်တူချစ်သူများအပေါ် ကြောက်ရွံ့မုန်းတီးမှုဆိုတာ ဘာလဲ။
လိင်တူချစ်သူများကို ကြောက်ရွံ့မုန်းတီးမှုဆိုသည်မှာ ယေဘုယျအားဖြင့် လိင်တူချစ်သူ၊ လိင်တူချင်း စိတ်ဝင်စားတဲ့သူများကို မကောင်းမြင်ခြင်း၊ ရွံရှာမုန်းတီးခြင်း၊ ထိုသူများနဲ့အတူ သွားလာနေထိုင်ရသည်ကို မနှစ်မြို့ခြင်း၊ ထိုသူများ တည်ရှိနေခြင်းကို အသိအမှတ်မပြုဘဲ ဖယ်ကျဉ်ထားခြင်း၊ ထိုသူများကို သာမန်လူတစ်ယောက်ကဲ့သို့ မမြင်ဘဲ စံလွဲမှားနေသောသူများ (သို့မဟုတ်) သဘာဝတရားကို ဆန့်ကျင်နေသောသူများအဖြစ် ရှုမြင်ပြီး ထိုသူများကို ခွဲခြားဖိနှိပ်စော်ကားခြင်း၊ အကြမ်းဖက်ခြင်းများအပြင် အကြောင်းမဲ့ သတ်ဖြတ်ခြင်းများသည် လိင်တူချစ်တဲ့သူများကို ကြောက်ရွံ့မုန်းတီးခြင်းများပင် ဖြစ်ပါသည်။
လိင်တူချစ်သူများအပေါ် ကြောက်ရွံ့မုန်းတီးသည့်စိတ်သည် မိမိ၏ အသိစိတ်တွင်ဖြစ်စေ၊ မသိစိတ်တွင်ဖြစ်စေ အမြစ်တွယ်နေတတ်သည်။ ထိုစိတ်သည် တစ်ခါတရံ လိင်တူချစ်သူများ၏ စိတ်တွင်လည်း ကိန်းအောင်းနေတတ်သည်။ မိမိကိုယ်တိုင် လိင်တူစိတ်ဝင်စားနေသူဖြစ်သော်လည်း လူမှုအသိုင်းအ၀ိုင်းမှ ပုံစံသွတ်သွင်းမှုများကြောင့် မိမိ၏ ဖြစ်တည်မှုကို လက်မခံဘဲ မိမိကိုယ်မိမိ မုန်းတီးမှုများ ရှိနေတတ်သည်။
အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအပေါ် ကြောက်ရွံ့မုန်းတီးမှုအား ဆန့်ကျင်ရေးနေ့ ဆိုတာက ဘာလဲ။
၁၉၉၀ ခုနှစ် မေလ ၁၇ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က လိင်တူချစ်ခြင်းကို စိတ်ရောဂါအဖြစ် သတ်မှတ်ထားခြင်းမှ ပယ်ဖျက်ခဲ့သည်။ ထိုနေ့ကို အစွဲပြု၍ နှစ်စဉ် မေလ (၁၇) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအပေါ် ကြောက်ရွံ့မုန်းတီးမှုများအား ကန့်ကွက်ဆန့်ကျင်ရေးနေ့အဖြစ် သတ်မှတ်၍ ကမ္ဘာအရပ်ရပ်ရှိ လိင်တူချစ်သူများနှင့် လိင်တူချစ်သူများအပေါ် နားလည်သောသူများက ပူးပေါင်း၍ လိင်တူချစ်သူများအပေါ် ကြောက်ရွံ့မုန်းတီးမှုများ ပပျောက်ရေး အခမ်းအနားများ၊ ညီလာခံများ၊ ပညာပေး ဟောပြောပွဲများ၊ စီတန်းလှည့်လည် လမ်းလျှောက်ပွဲများကို ကျင်းပပြုလုပ်လေ့ရှိသည်။
မြန်မာနိုင်ငံတွင်လည်း လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်မှ စတင်၍ ရန်ကုန်၊ မန္တလေးမြို့ကြီးများအပြင် အခြားမြို့ငယ်များတွင်လည်း ပညာပေး အစီအစဉ်များ၊ ဖျော်ဖြေမှုများ၊ ကြေညာချက်စာတမ်း ထုတ်ပြန်ခြင်းများကို ပြုလုပ်ခဲ့ပါသည်။
ဘာကြောင့် အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအပေါ် ကြောက်ရွံ့မုန်းတီးမှုများအား ဆန့်ကျင်ရေးနေ့ကို ကျင်းပရတာလဲ။
အသားအရောင်၊ ကျား၊မ လိင်ကွဲပြားမှုအပေါ် အခြေခံသော ခွဲခြားဆက်ဆံမှုများကဲ့သို့ပင် လိင်စိတ်ခံယူမှု ကွဲပြားမှုအပေါ် အခြေခံပြီး ခွဲခြားဖိနှိပ်ဆက်ဆံသည့် အဖြစ်အပျက်များမှာ ယနေ့တိုင် ကမ္ဘာအနှံ့အပြားတွင် ဖြစ်ပွားလျက် ရှိနေသည်။ လိင်တူချစ်သူများသည် မိမိ၏ လိင်စိတ်ခံယူမှုကို လက်မခံနိုင်သည့်အပြင် အခြားသူများ သိရှိသွားမည်ကို စိုးရိမ်စိတ်ဖြင့် ဖုံးကွယ်ဟန်ဆောင် နေထိုင်ရလျက်ရှိသည်။ ထို့အပြင် လူငယ် အမြောက်အမြားမှာ နေအိမ်မှဖြစ်စေ၊ မိသားစု ဆွေမျိုးအသိုင်းအ၀ိုင်းမှဖြစ်စေ ဖယ်ကျင်နှင်ထုတ်ခံရခြင်းများ၊ နေ့စဉ်နှင့်အမျှ ဖြစ်ပွားလျှက်ရှိသည်။
ထိုသို့ မိမိ၏ ဖြစ်တည်မှုကို ဖုံးကွယ်နေထိုင်နေရခြင်း၊ လိင်စိတ်အမှန်ကို တခြားသူများ သိရှိသွားမည်ကို စိုးရိမ်ကြောက်ရွံ့နေရခြင်းနှင့် လိင်စိတ်ခံယူမှု ကွဲပြားမှုအပေါ် အခြားသူများ၏ ဖယ်ကျဉ်မှုများ၊ အနိုင်ကျင့်မှုများကြောင့် မိမိကိုယ်မိမိ သေကြောင်းကြံစည်မှုများမှာ နေ့စဉ်နှင့်အမျှ ဖြစ်ပွားလျက်ရှိသည်။ ထို့အပြင် မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာပေါ်ရှိ (၇၆) နိုင်ငံတို့တွင် ယနေ့ထက်တိုင် လိင်တူချင်း ချစ်ခြင်းကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်ထားဆဲဖြစ်သည်။ အချို့နိုင်ငံများတွင် သေဒဏ်ပေးသည်အထိ အပြစ်ပေးမှုများ ရှိနေသည်။
လိင်စိတ်ခံယူမှုကွဲပြားမှုကြောင့် လုပ်ငန်းခွင်တွင် ခွဲခြားဆက်ဆံခံရခြင်း၊ နှုတ်အားဖြင့် သော်လည်းကောင်း၊ ကိုယ်ထိလက်ရောက် သော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာအားဖြင့် သော်လည်းကောင်း နှောင့်ယှက်ခံနေရခြင်း အစရှိသည့် လူ့ဂုဏ်သိက္ခာနှင့်အညီ အသက်ရှင်နေထိုင် သွားလာခွင့်မရခြင်းတို့ကြောင့် (ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ လိင်တူချစ်ခြင်းသည် ရောဂါမဟုတ်ပါ။ လိင်တူချင်းချစ်တာဟာ သာမန်ဖြစ်ရိုးဖြစ်စဉ် သဘာဝတစ်ခုသာဖြစ်ပါသည်ဟု ထုတ်ပြန်ကြေညာလိုက်သည့်) ၁၉၉၀ ခုနှစ် မေလ (၁၇)ရက်နေ့ကို အစွဲပြုပြီး နှစ်စဉ်နှစ်တိုင်းတွင် ထို့နေ့ရောက်တိုင်း အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအပေါ် ကြောက်ရွံ့မုန်းတီးမှုများအား ဆန့်ကျင်ရေးနေ့ အခမ်းအနားများကို ပြုလုပ်ကျင်းပရခြင်းဖြစ်သည်။
Credit: Colors Rainbow


.jpg)
