Pages

Wednesday, April 29, 2015

ဘယ်တော့မှ နောင်တမရဘူး၊ ဖြစ်တာကို ခံယူဖို့ အသင့်ပဲ

အသံခွဲစိတ်မှု  ပြုလုပ်ထားသည့် Make Up Artist မထက် (Pop Soul) နှင့် တွေ့ဆုံခြင်း

ဓာတ်ပုံ- သက်ကို

ရန်ကုန် ၊ ဧပြီ ၂၉။      ။ သဘာဝ လွန်ဆန်မှုတွေနဲ့ ဘဝကို ဖြတ်သန်းနေကြသည့် သူတွေထဲတွင် မထက် (Pop Soul) Make Up Artist တစ်ယောက်လည်း အပါ အဝင်ဖြစ်သည်။ ၎င်းသည် မိန်းမ တစ်ယောက် လိုနေကြည့် ချင်သည့် စိတ်တစ်ခု အတွက် ပထမဆုံး စိန်ခေါ် မှုအဖြစ် ရင်သား ခွဲစိတ် မှုပြုလုပ်ခဲ့ သလိုထို သို့ပြောင်းလဲမှုက ပေးသည့် နာကျင်မှုတွေကို အချိန်အတော်ကြာ ခံစားခဲ့ရသည်။ ယခုအခါမှာလည်း ဒုတိယ စိန်ခေါ်မှုအဖြစ် အသံ ခွဲစိတ်မှု ထပ်မံ ပြုလုပ်ခဲ့သူ တစ်ဦး ဖြစ်သည်။ ဒါ့အပြင် လိင်ပြောင်းလဲမှုကိုလည်း အသက် ၃၅နှစ် မကျော်ခင် ပြုလုပ်သွားရန်လည်း စီစဉ်ထားသည်ဟု သူက ဖွင့်ဟပြောဆိုသည်။ မိမိလုပ် ချင်သည့် အရာကို မဖြစ်ဖြစ်အောင် တစ်ခုချင်း ပြုပြင် ပြောင်းလဲနေသည့် မထက်ကို မဇ္ဈိမမှ သွားရောက်တွေ့ ဆုံမေးမြန်း ခဲ့သည်။

Tuesday, April 21, 2015

ယောက်ျားတွေနဲ့မိန်းမတွေရဲ့ လိင်စိတ်တိမ်းညွတ်မှု



ယောက်ျားနဲ့မိန်းမတွေရဲ့ လိင်စိတ်တိမ်းညွတ်မှုကို သတ်မှတ်တဲ့အခါ နှစ်မျိုးနှစ်ဖုံ ချဉ်းကပ်လို့ရပါတယ်။ လိင်စိတ်တိမ်းညွတ်မှုကို ဖော်ပြဖို့ အများစုသုံးလေ့ရှိတဲ့ အခေါ်အဝေါ်တွေကတော့ လိင်ကွဲစုံမက်သူ(heterosexual) ၊ လိင်တူလိင်ကွဲချစ်သူ(bisexual) ၊ လိင်တူချစ်သူ(homosexual) တို့ဖြစ်ပါတယ်။ ဒီအခေါ်အဝေါ်တွေမှာ ယောက်ျား၊ မိန်းမ ခွဲခြားသုံးနှုန်းထားမျိုးမရှိပါ။ ယောက်ျားရော မိန်းမမှာပါ လိင်ကွဲချစ်သူဆိုရင် ဆန့်ကျင့်ဘက်လိင်ကို ချစ်ခင်နှစ်သက်သူလို့ ဆိုလိုပါတယ်။ လိင်တူချစ်သူဆိုတာကတော့ ကိုယ်နဲ့လိင်တူသူကို နှစ်ခြိုက်တာဖြစ်ပြီး လိင်တူလိင်ကွဲချစ်သူကတော့ လိင်နှစ်မျိုးကို သဘောကျသူလို့ ဆိုလိုပါတယ်။ ဒီလိုသုံးနှုန်းတာဟာ ယဉ်ကျေးမှု(culture)အရတော့ လက်သင့်ခံနိုင်စရာရှိပါတယ်။ အကြောင်းကတော့ (ယောက်ျားရော မိန်းမမှာပါ)လိင်ကွဲချစ်သူတွေဟာ လူအများစုဖြစ်ပြီး ပုံမှန် လို့ အသိအမှတ်ပြုခံရထားတဲ့လူတန်းစား ဖြစ်နေလို့ပါပဲ။ လိင်တူချစ်သူတွေ(လိင်တူလိင်ကွဲချစ်သူတွေလည်း ပါကောင်းပါနိုင်ပါတယ်) ကတော့ ဝိုင်းကျဉ်ခံရတဲ့လူနည်းစုဖြစ်လို့ပါပဲ။

လိင်စိတ်တိမ်းညွတ်မှု ကွဲပြားနေရတဲ့ အကြောင်းတရားကို သိရှိဖို့ ကြိုးစားနေတဲ့အချိန်မှာ ဒီအသုံးအနှုန်းတွေဟာ သင့်တော်ရဲ့လားစဉ်းစားစရာပါပဲ။ ကျွန်တော်တို့အနေနဲ့ ယောက်ျား၊မိန်းမတွေကို လိင်ကွဲချစ်သူဖြစ်လာအောင် တွန်းပို့ပေးတဲ့ အကြောင်းတရားတွေကို မရှာဖွေသင့်ဘူးလား။ ဒီလိုပဲ ယောက်ျား၊မိန်းမတွေကို လိင်တူချစ်သူဖြစ်လာအောင် ပို့ပေးတဲ့ အကြောင်းတရားတွေကိုရော မရှာဖွေသင့်ဘူးလား။

လိင်တူခင်တွယ်မှုကို ယောက်ျားရောမိန်းမမှာပါ ရှင်းပြနိုင်မဲ့ မိုဒယ်မျိုး တည်ဆောက်ပြလို့ရပါတယ်။

Wednesday, April 15, 2015

ကျနော် သူ့ကို ချစ်သည်


ကျနော် သူ့ကို ချစ်သည်

ခင်မွန်

ကျနော် သူ့ကို ချစ်တယ်။ ချစ်တယ်ဆိုတာ အစ်ကိုတစ်ယောက်၊ ညီတစ်ယောက်၊ သူငယ်ချင်းတစ်ယောက်ကို ချစ်သလို ချစ်တာမဟုတ်ဘူး။ ကျနော် သူ့ကို ချစ်တယ်။ သေချာပါတယ်။ အဲဒီအဖြေကို ကျနော့်ကိုယ်ကျနော် အကြိမ်ကြိမ် မေးကြည့်ပြီးမှ ပြောတာပါ။ ခင်ဗျားကို မပြောပြခင် ကျနော့်ကိုယ်ကျနော် စိတ်ထဲမှာ အထပ်ထပ်ပြောကြည့်ပြီးသား။ ကျနော်ပြောတဲ့အချစ်ကို ခင်ဗျား နားလည်မှာပါ။ ခင်ဗျားမှာ ချစ်သူရှိလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ ခင်ဗျားချစ်သူကို ခင်ဗျားလည်း ချစ်မှာပဲ။ ကျနော်တို့ မိဘတွေ မောင်နှမတွေကို ချစ်ကြတယ်။ သူငယ်ချင်းမိတ်ဆွေတွေကို ချစ်ကြတယ်။ တိရိစ္ဆာန်ငယ်လေးတွေကို ချစ်တယ်။ ပန်းပွင့်လေးတွေ... လှပတဲ့အရာတွေအားလုံးကို လူသားတွေအနေနဲ့ နှစ်သက်တတ်ကြတာ အမှန်ပဲမဟုတ်လား။

"ကျနော်က ရန်ကုန်ဇာတိပါ။ မရမ်းကုန်းမြို့နယ်ပေါ့။ အဖေက စစ်သား၊ အဘိုးကလည်း စစ်သား။ စစ်တပ်ထဲမှာပဲ ကြီးပြင်းခဲ့ရပါတယ်။ မောင်နှမလေးယောက်မှာ တတိယမြောက်ပါ။ ကျနော့်အထက်မှာ အစ်ကိုတစ်ယောက်နဲ့ အစ်မတစ်ယောက်ရှိတယ်။ အောက်မှာ ညီလေးတစ်ယောက် ရှိပါတယ်။ အဘိုးအဘွားလက်ထဲမှာ ကြီးပြင်းလာခဲ့ရတာပါ။ ကျနော့်အသက် ၈နှစ်၊ ညီလေးအသက် ၆နှစ်လောက်မှာ မိဘတွေရဲ့ အိမ်ထောင်ရေး အဆင်မပြေ ဖြစ်ခဲ့ပါတယ်။ ကျောင်းတက်တဲ့ အချိန်ကျမှသာ တပ်ထဲက အဖေ့ဆီမှာ လာနေဖြစ်ပြီး ကျန်တဲ့ အချိန်အများစုကို အဘိုးအဘွားတွေနဲ့ပဲ သွားနေဖြစ်ခဲ့ပါတယ်"

"ကျနော်က မျိုးမင်းထက်ပါ။ မကွေးတိုင်း မင်းဘူးဇာတိပါ။ မိသားစုအားလုံး ခုနစ်ယောက်ရှိတယ်။ ကျနော်က ခြောက်ယောက်မြောက်ပေါ့။ ဖေဖေနဲ့မေမေက ကျနော် ၅နှစ်သားကတည်းက အိမ်ထောင်ကွဲသွားကြပါတယ်။ အဖေက အစိုးရ၀န်ထမ်းပါ။ ကျနော်တို့က အမေနဲ့ပဲ နေတယ်။ အဖေနဲ့ မနေကြတော့ဘူး"

ဘာကြောင့် gay လဲ၊ ဘာကြောင့် straight လဲ


ဘာကြောင့် gay လဲ၊ ဘာကြောင့် straight လဲ

လိင်စိတ်တိမ်းညွတ်မှုဆိုင်ရာသိပ္ပံပညာ

ဆိုင်မွန် လီဗေး

အခန်း(၁) လိင်စိတ်တိမ်းညွတ်မှုဆိုတာ ဘာလဲ

လိင်စိတ်တိမ်းညွတ်မှုဆိုတာ ကိုယ် ဘယ်လိုပါတနာ (လိင်ဆက်ဆံဖော်)ကို ပိုနှစ်သက်စွဲလမ်းသလဲကို ပြောချင်တာပါ။ ပိုပြီးတိတိပပပြောရမယ်ဆိုရင် ကျွန်တော်တို့ လိင်အမျိုးအစားတွေကို နှစ်ခြိုက်မှုအပေါ် လွှမ်းမိုးနေတဲ့ ကိုယ်ရည်ကိုယ်သွေးပါပဲ။ ကိုယ်နဲ့ လိင်တူသူတွေကို နှစ်ခြိုက်တာလား (ဥပမာ-ဟိုမို၊ ဂေး၊ လက်စဘီယံ) ကိုယ်နဲ့လိင်ကွဲပြားသူတွေကို စွဲလမ်းတာလား (ဥပမာ- heterosexual or straight) လိင်တူလိင်ကွဲနှစ်မျိုးကို နှစ်သက်တာလား (ဥပမာ- bisexual) စသဖြင့်ပေါ့။ ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်ရဲ့ ဆိုလိုချက်တွေကို ခုအခန်းမှာ အသေးစိတ်ခွဲခြမ်းစိတ်ဖြာကြည့်ပါမယ်။