ကျနော် သူ့ကို ချစ်သည်
ခင်မွန်
ကျနော် သူ့ကို ချစ်တယ်။ ချစ်တယ်ဆိုတာ အစ်ကိုတစ်ယောက်၊ ညီတစ်ယောက်၊
သူငယ်ချင်းတစ်ယောက်ကို ချစ်သလို ချစ်တာမဟုတ်ဘူး။ ကျနော် သူ့ကို ချစ်တယ်။
သေချာပါတယ်။ အဲဒီအဖြေကို ကျနော့်ကိုယ်ကျနော် အကြိမ်ကြိမ် မေးကြည့်ပြီးမှ
ပြောတာပါ။ ခင်ဗျားကို မပြောပြခင် ကျနော့်ကိုယ်ကျနော် စိတ်ထဲမှာ
အထပ်ထပ်ပြောကြည့်ပြီးသား။ ကျနော်ပြောတဲ့အချစ်ကို ခင်ဗျား နားလည်မှာပါ။
ခင်ဗျားမှာ ချစ်သူရှိလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ ခင်ဗျားချစ်သူကို
ခင်ဗျားလည်း ချစ်မှာပဲ။ ကျနော်တို့ မိဘတွေ မောင်နှမတွေကို ချစ်ကြတယ်။
သူငယ်ချင်းမိတ်ဆွေတွေကို ချစ်ကြတယ်။ တိရိစ္ဆာန်ငယ်လေးတွေကို ချစ်တယ်။
ပန်းပွင့်လေးတွေ... လှပတဲ့အရာတွေအားလုံးကို လူသားတွေအနေနဲ့ နှစ်သက်တတ်ကြတာ
အမှန်ပဲမဟုတ်လား။
"ကျနော်က ရန်ကုန်ဇာတိပါ။ မရမ်းကုန်းမြို့နယ်ပေါ့။
အဖေက စစ်သား၊ အဘိုးကလည်း စစ်သား။ စစ်တပ်ထဲမှာပဲ ကြီးပြင်းခဲ့ရပါတယ်။
မောင်နှမလေးယောက်မှာ တတိယမြောက်ပါ။ ကျနော့်အထက်မှာ အစ်ကိုတစ်ယောက်နဲ့
အစ်မတစ်ယောက်ရှိတယ်။ အောက်မှာ ညီလေးတစ်ယောက် ရှိပါတယ်။ အဘိုးအဘွားလက်ထဲမှာ
ကြီးပြင်းလာခဲ့ရတာပါ။ ကျနော့်အသက် ၈နှစ်၊ ညီလေးအသက် ၆နှစ်လောက်မှာ
မိဘတွေရဲ့ အိမ်ထောင်ရေး အဆင်မပြေ ဖြစ်ခဲ့ပါတယ်။ ကျောင်းတက်တဲ့ အချိန်ကျမှသာ
တပ်ထဲက အဖေ့ဆီမှာ လာနေဖြစ်ပြီး ကျန်တဲ့ အချိန်အများစုကို
အဘိုးအဘွားတွေနဲ့ပဲ သွားနေဖြစ်ခဲ့ပါတယ်"
"ကျနော်က မျိုးမင်းထက်ပါ။
မကွေးတိုင်း မင်းဘူးဇာတိပါ။ မိသားစုအားလုံး ခုနစ်ယောက်ရှိတယ်။ ကျနော်က
ခြောက်ယောက်မြောက်ပေါ့။ ဖေဖေနဲ့မေမေက ကျနော် ၅နှစ်သားကတည်းက
အိမ်ထောင်ကွဲသွားကြပါတယ်။ အဖေက အစိုးရ၀န်ထမ်းပါ။ ကျနော်တို့က အမေနဲ့ပဲ
နေတယ်။ အဖေနဲ့ မနေကြတော့ဘူး"
လိင်တူချင်းချစ်မိလို့
ဘယ်လိုအကြောင်းပြချက်တွေရှိရှိ သေချာတာက ကျနော်တို့မှာ လူ့ဘောင်လောကကို
အဆိပ်အတောက်တွေ ဖြစ်စေလိုတဲ့ ဆန္ဒတွေ မရှိခဲ့ဘူး။ လူ့ပတ်ဝန်းကျင်ကို
လူသားတစ်ယောက်အနေနဲ့ တတ်နိုင်တဲ့နေရာက သယ်ပိုးချင်တဲ့ သူလိုကိုယ်လို
လူတွေပါ။ အကယ်၍သာ တံတိုင်းတွေ၊ စည်းရိုးတွေမှာ ဘာအမှတ်တံဆိပ်မှ
ကပ်မထားဘူးဆိုရင် ကျနော်တို့လည်း လူတွေထဲက လူပါပဲ။
"ကျနော့်မှာ
လက်ဖက်ရည်ဆိုင်ဖွင့်ထားတဲ့ မွေးစားအမေတစ်ယောက်ရှိတယ်။ အဲဒီဆိုင်မှာပဲနေပြီး
၇ တန်းကို ကျောင်းဆက်တက်တယ်။ လက်ဖက်ရည်ဆိုင်မှာ အလုပ်လည်း လုပ်တယ်။
အလုပ်လုပ်နေရင်း ကျောင်းတက်တဲ့အတွက် အခက်အခဲတော့ ရှိခဲ့ပါတယ်။ နံနက်ဆိုရင် ၎
နာရီလောက် ထရတယ်။ ကျောင်းက ပြန်လာပြီဆိုလည်း အလုပ်ထဲ တန်းဝင်ရတယ်။
အလုပ်ပြီးတဲ့အခါ ည ၁၁ နာရီလောက်မှ စာကျက်၊ ၁၂ ကျော်မှ အိပ်ရာဝင်၊ နံနက်ကို ၎
နာရီလောက် ပြန်ထရတယ်။ အဲဒီမှာပဲ ၉ တန်းအထိ ကျောင်းတက်ခဲ့ပါတယ်။
အမေအရင်းကလည်း ကုန်စိမ်းရောင်းနေတာ ဖြစ်တဲ့အတွက် အဲဒီ
ကျောင်းတက်နေတဲ့အချိန်မှာပဲ အမေ့ကိုလည်း သွားပြီး ကူညီပေးပါတယ်။ ၁၀
တန်းရောက်တဲ့ အခါကျတော့ စာကများလာပြီး အရေးကြီးတဲ့အတွက်
အိမ်မှာပဲပြန်နေပြီး စာမေးပွဲကိုလည်း အောင်အောင်မြင်မြင်နဲ့
ဖြေဆိုနိုင်ခဲ့ပါတယ်။ ၁၀ တန်းကို ၂၀၀၅ မှာအောင်ခဲ့တာ။ မွေးတာက ၈၇ က။
အမေ့ဆီက ဘာမှ လက်ဝါးဖြန့်တောင်းခဲ့တာမျိုး မရှိပါဘူး။ ၇ တန်းကတည်းက
လက်ဖက်ရည်ဆိုင်မှာ လုပ်လို့ရတဲ့ လုပ်အားခနဲ့ ကိုယ့်ကိုယ်ကိုယ်
ကြိုးစားရုန်းကန်ခဲ့တာပါ။ ငယ်ငယ်လေးကတည်းက ကျနော့်စိတ်က ဘယ်လိုလဲမသိဘူး။
အလုပ်လုပ်ရတာကို ပျော်တယ်။ ကျောင်းပညာကို စိတ်မ၀င်စားဘူးလားဆိုတော့လည်း
မဟုတ်ဘူး။ ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ယူမယ်လို့ ကိုယ့်ဘာသာ
ဆုံးဖြတ်ချက်ချထားပြီးသား။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်မှာ သင်ခန်းစာတွေက
ရှိထားခဲ့တယ်။ ဖေဖေနဲ့မေမေကလည်း ကွဲကြတယ်။ ပညာတော့ မတတ်လို့ မဖြစ်ဘူး။
ဘယ်လိုပဲဖြစ်ဖြစ် ပညာတော့ တတ်အောင်သင်မှ ရမယ်လို့ ဆုံးဖြတ်ထားခဲ့တာပါ။
ကျနော် အင်ဂျင်နီယာတစ်ယောက် ဖြစ်ချင်ခဲ့ပေမယ့် ဘယ်လိုမှ
လက်လှမ်းမမီခဲ့ပါဘူး။ AGTI လိုမျိုးတက်လို့ ရနိုင်ခဲ့ပေမယ့်လည်း
အချိန်ကမပေးနိုင်၊ ငွေကြေးကလည်း အများကြီး အဆင်မပြေ ဖြစ်နေခဲ့တာကြောင့်
အဝေးသင်ကိုပဲ ရွေးချယ်ခဲ့ရပါတယ်။ အဝေးသင်တက်နေရင်းကနေ အနီးအနားတစ်ဝိုက်က
ရွာတွေကိုဆင်းပြီး မီးသွေးကုန်ကူးခဲ့တယ်။ တခြား ကိုယ်တတ်နိုင်တဲ့
အလုပ်တွေကိုလည်း လုပ်နိုင်သလောက် လုပ်ခဲ့တဲ့အတွက် ကိုယ့်ဘာသာကိုယ်
ကောင်းကောင်း ရပ်တည်နိုင်ခဲ့ပါတယ်" (မျိုးမင်းထက်)
"ဖြတ်သန်းခဲ့ရတဲ့ဘ၀က ကြမ်းတမ်းပါတယ်။ အဖေက နောက်အိမ်ထောင်ထပ်ပြုဖို့
လုပ်တဲ့အခါ ကျနော်နဲ့အဖေ့ကြားမှာ အတော်လေး ပဋိပက္ခဖြစ်ခဲ့ကြတယ်။ အစ်ကိုကလည်း
စစ်တပ်ထဲကို ရောက်သွားပြီ။ အဖေယူတဲ့ နောက်မိန်းမနဲ့ ကျနော်တို့နဲ့
အတော်လေး အဆင်မပြေခဲ့ပါဘူး။ အဖေ နောက်အိမ်ထောင်ပြုပြီးတဲ့နောက်မှာ
ကျနော်တို့ မိသားစုဆိုတဲ့အခြေအနေက အတော်လေး ဆိုးခဲ့ပါတယ်။ အသက် ၁၇
နှစ်လောက်မှာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်နေနိုင်ပြီ။ တပ်ထဲက အဒေါ်တွေဆီ
သွားနေတယ်။ အိမ်ပေါ်က အပြီးဆင်းလာခဲ့တယ်။ နောက်ပိုင်း ညီလေးလည်း စစ်တပ်ထဲ
ဝင်သွားခဲ့တယ်။
ငယ်ငယ်ကတည်းက ဈေးရောင်းတာလည်း ၀ါသနာပါတယ်။ ၉
တန်းလောက်မှာ မနက်အစောကြီးထ ဘိန်းမုန့်ဖုတ်တယ်။ ကျောင်းမတက်ခင်အထိ ကျနော်က
ဘိန်းမုန့်ရောင်းတယ်။ ကျောင်းတက်ချိန်မှာ ရောင်းဖို့ကျန်နေတဲ့
ဘိန်းမုန့်တွေကို အမေက ဆက်ရောင်းပေးတယ်။
အဲဒီလိုနဲ့ပဲ ဘ၀ကို
ရုန်းကန်ခဲ့ရတယ်။ နယ်စပ် ကျောင်းဆရာတွေ ခေါ်တော့ ၀င်လျှောက်ဖို့
သူငယ်ချင်းတစ်ယောက်နဲ့ ကြိုးစားကြသေးတယ်။ မရတဲ့အတွက် မထူးဘူး၊ နယ်စပ်မှာ
အလုပ်သွားလုပ်မယ်ဆိုပြီး ထွက်ကြတယ်။ ၁၉၉၆ လောက်ကပေါ့။ အဆင်မပြေခဲ့ဘူး။
ရေးနဲ့ထားဝယ်ကြား အသွားမှာ ဓားပြတိုက်တာခံရပြီး မြိတ်မှာ သောင်တင်နေတယ်။
အတူသွားတဲ့သူငယ်ချင်းရဲ့ အဆက်အသွယ်နဲ့ပဲ မြိတ်လေယာဉ်ကွင်း စီမံကိန်းမှာ
နေ့စားအကူ အလုပ်ဝင်လုပ်ကြတယ်။ အတူပါလာတဲ့ သူငယ်ချင်းကတော့ ပင်ပန်းတဲ့ဒဏ်
မခံနိုင်ဘဲ ရန်ကုန်ပြန်သွားတယ်။
ကျနော်က အလုပ်ဆက်လုပ်နေပြီး
ကျနော့်ဆရာဖြစ်တဲ့သူက ရာထူးတိုးတဲ့အတွက် မကွေးတိုင်းကို ပြောင်းရတယ်။
ကျနော်လည်း မကွေးကို ပါလာတယ်။ တောင်တွင်းကြီးမှာ ၆ လ၊ ၇ လလောက်
နေခဲ့ရသေးတယ်။ SAE ရဲ့အကူအနေနဲ့ လိုက်သွားရတာပေါ့။ ဆရာက မင်းဘူးကနေ
နောက်တစ်နေရာကို ပြောင်းတဲ့အခါ ကျနော် လိုက်မသွားတော့ဘူး။ အဲဒီမှာ
မျိုးမင်းထက်နဲ့ စတွေ့ပါတယ်" (တင်ကိုကို)
"ကိုတင်ကိုကိုနဲ့
မင်းဘူးမှာပဲ တွေ့ခဲ့ကြတာပါ။ သူက အလုပ်ကိစ္စနဲ့ မင်းဘူးကို ရောက်လာချိန်မှာ
ကျနော်က ကျောင်းတက်နေတုန်းပဲ ရှိပါသေးတယ်။ သူက ဆောက်လုပ်ရေးဝန်းထဲမှာ
နေတယ်။
နယ်မြို့လေးဖြစ်တဲ့အတွက် ဧည့်သည်ဆိုရင် သတိထားမိကြပါတယ်။
ကိုယ်ကလည်း မြို့ခံဆိုတော့ သူကပဲ လာပြီးမိတ်ဆက်ရင်းနဲ့ မိတ်ဆွေတွေ
ဖြစ်ခဲ့ကြတာပါ။ သူ အလုပ်လုပ်နေတဲ့ ဆောက်လုပ်ရေးကနေ နားလိုက်ရတဲ့အချိန်မှာ
ကျနော်ကပဲ သူ့ကို အိမ်မှာလာနေဖို့ ခေါ်ထားခဲ့တယ်။ ကျနော့်အိမ်မှာ
မိသားစုနဲ့အတူ ၃ နှစ်လောက်အထိ နေဖြစ်ခဲ့တယ်" (မျိုးမင်းထက်)
"ကျနော်
မင်းဘူးမှာ ၃၊ ၄ နှစ်ကြာတော့မှ မျိုးမင်းထက်နဲ့ စတွေ့တာ။ မျိုးမင်းထက်က
ဆယ်တန်းစာမေးပွဲပြီးလို့ မြစ်ဆိပ်ကို ရေချိုးဆင်းလာကြတာ။ အဲဒီက
အသိအိမ်တစ်အိမ်မှာ သူနဲ့ ဆုံဖြစ်တာပါ။ အစကတော့ အမှတ်တမဲ့ပေမယ့်
စကားပြောရင်းနဲ့ သူ့မျက်နှာ သူ့ပုံစံတွေကို သဘောကျမိတာပါ။ ကျနော်ကပဲ စပြီး
မိတ်ဆက်ခဲ့တယ်။ သူက ၁၇၊ ကျနော်က ၂၆ လောက်ရှိနေပြီ။ အဲဒီအချိန်မှာ
စိတ်ဝင်စားတယ်ဆိုပေမယ့် ဒီလို တစ်ဘ၀လုံး လက်တွဲသွားမယ်ဆိုတဲ့အထိ
ရည်ရွယ်တာမျိုး မဖြစ်သေးဘူး။ နောက်ပိုင်း အတော်လေး တွေ့ဖြစ်ကြတယ်။ သံယောဇဉ်
ဖြစ်သွားကြတယ်။ သူ့အိမ်ကို လိုက်လည်ဖို့ သူကဖိတ်ပြီး သူ့မိသားစုတွေနဲ့
ရင်းနှီးခွင့်ရခဲ့တယ်။
အဲဒီအချိန်မှာ တစ်ယောက်နဲ့တစ်ယောက်
သံယောဇဉ်ထက်ပိုတဲ့ စိတ်ဝင်စားမှုမျိုး ရှိနေကြပြီ။ သူ့အိမ်ကတော့
ကျနော်ဂေးဆိုတာ မရိပ်မိကြ၊ မသိကြပါဘူး။ အဲလိုနဲ့ သူ့အိမ်မှာပဲ အနေများပြီး
နောက်ပိုင်း အပြီးကို သွားနေဖြစ်တဲ့အထိ ဖြစ်လာပါတယ်" (တင်ကိုကို)
"Sexual experience ကတော့ သူနဲ့တွေ့ပြီး ၂ နှစ်လောက်၊ နယ်မှာကတည်းက
ရပြီးသွားပါပြီ။ သူနဲ့ ခွဲလိုက်ရတဲ့ ၆ လလောက်အချိန်မှာ
နေမကောင်းဖြစ်တဲ့အထိကို ဖြစ်ပြီး အစစအရာရာကို သတိရနေခဲ့တာ။ ညနေပိုင်းဆို
အရမ်းကို သတိတရဖြစ်ခဲ့တာ။ အရင်ကဆို ညနေပိုင်း ပြန်ရောက်လာတဲ့အခါ သူနဲ့အတူ
ဆိုင်ကယ်လျှောက်စီးတာမျိုးတွေက ရှိခဲ့ဖူးတာကိုး။ ပထမဆုံး အထိအတွေ့ကလည်း
ဂေးနဲ့ပဲ စပြီးထိတွေ့ခဲ့ရတာဆိုတော့ တောက်လျှောက်လည်း အဲဒီခံစားမှုကို
သဘောကျသွားခဲ့တာ။ ကျနော့်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် သဘာဝမှ ဟုတ်ရဲ့လားလို့
တွေးမိတာမျိုးရှိခဲ့ပေမယ့် ကိုတင်ကိုကိုကတော့ သူ့ဘက်က သေချာတဲ့အခြေအနေ
ဖြစ်နေခဲ့ပြီးသားပါ" (မျိုးမင်းထက်)
ခင်ဗျား အဲဒီနှစ်သက်ခြင်းတွေ
ချစ်ခြင်းတွေနဲ့ မတူတဲ့ အချစ်ဆိုတဲ့ ခံစားချက်ကတော့
ခင်ဗျားချစ်သူအပေါ်မှာလည်းပဲ ရှိမယ်ဆိုရင် ဒါဟာ အတူတူပဲပေါ့ဗျာ။
အချစ်ဆိုတာကို ကျနော်တို့ ဘယ်လိုနားလည်လဲလို့ မေးလာရင် ဒါဟာ အဖြေပဲ။
ယောက်ျားတစ်ယောက်အနေနဲ့ ခင်ဗျားချစ်တဲ့ မိန်းကလေးအပေါ်မှာ ဘယ်သူနဲ့မှ မတူတဲ့
အချစ်မျိုး၊ မေတ္တာတရားမျိုး ...။
ရှင်းရှင်းပြောရရင်
တစိမ်းနှစ်ယောက်ကြားမှာ ဖြစ်တည်ခဲ့ကြတဲ့ အကြီးမားဆုံး စွမ်းအားအရှိဆုံး
ခံစားချက်တစ်ခုပေါ့ဗျာ။ ဒါကို ကျနော်တို့က အချစ်လို့ လက်ခံခဲ့ကြတာ
မဟုတ်လား။ ကျနော်တို့ရဲ့ ချစ်ခြင်းမေတ္တာကလည်း အဲဒီအတိုင်းပဲ။
ကျနော်တို့ တစ်ယောက်ကိုတစ်ယောက် အားကိုးတယ်။ ယုံကြည်တယ်။ သံယောဇဉ် ရှိတယ်။
ကောင်းကျိုးကိုပဲ လိုလားတယ်။ နှစ်ဖက်စိတ်ချမ်းသာဖို့ပဲ စဉ်းစားတယ်။
အရေးကိစ္စတိုင်းမှာ သူ့ကိစ္စ၊ ငါ့ကိစ္စရယ်လို့ ဘယ်လိုခွဲပြီး
ပြောနိုင်ပါတော့မလဲ။
"ကျနော်က အသက် ၁၀ နှစ်လောက်ကတည်းက
ကိုယ့်ကိုယ်ကိုယ် ဂေးလို့ သိနေပြီ။ ငယ်ငယ်ကတည်းက ကျောင်းမှာ
ယောက်ျားလေးတွေနဲ့ ပေါင်းတာနည်းပြီး မိန်းကလေးတွေနဲ့
ပိုပြီးပေါင်းဖြစ်ပါတယ်။ တပ်ထဲမှာ ကစားတယ်ဆိုတဲ့အခါကျရင်လည်း
ယောက်ျားလေးတွေနဲ့ ကစားတဲ့အခါလည်း အခြောက်ဆိုပြီး
နိုင်ထက်စီးနင်းပြုခံခဲ့ရတာလည်း ရှိခဲ့တယ်။ အဲဒီအချိန်တုန်းက
နိုင်ထက်စီးနင်း အလုပ်ခံရတယ်လို့လည်း မထင်မိဘူး။ အိမ်က သိသွားမှာ၊ ဆူခံရမှာ
ကြောက်တာပဲ ရှိတယ်။ အဖေတို့နဲ့ အတူနေကတည်းက ကျောင်းက ပြန်လာတဲ့အခါတိုင်း
ထမင်းဟင်းချက်တဲ့တာဝန်ကို ယူထားခဲ့တာ။ ကိုယ်ကလည်း ငယ်ငယ်ကတည်းက
ဝါသနာပါနေခဲ့တာလည်း ပါမှာပါ။
အရွယ်ရောက်လာတော့လည်း ဂေးအသိုက်အ၀န်းက
သူငယ်ချင်းနဲ့ပဲ ပေါင်းဖြစ်ပြန်တယ်။ သိမ်ကြီးဈေး တံတားတို့၊ ဘာတို့
သွားတယ်။ စကားတွေ ပြောကြတယ်။ ပါတနာတွေ ရှိခဲ့တယ်ဆိုပေမယ့်လည်း
မျိုးမင်းထက်အပေါ်မှာဖြစ်တဲ့ သံယောဇဉ်မျိုး၊ ချစ်မြတ်နိုးမှုမျိုးကတော့
ဘယ်သူ့အပေါ်မှာမှ အဲလောက်အထိ မဖြစ်ခဲ့ပါဘူး" (တင်ကိုကို)
"အသက်က ၉
နှစ်လောက် ကွာတယ်။ ကိုတင်ကိုကိုက ၂၆ ၀န်းကျင်။ ၉ တန်း၊ ၁၀
တန်းမှာတုန်းကတော့ မိန်းကလေးတွေက ကိုယ့်ကိုကြိုက်တာမျိုးလည်း ရှိတယ်။
ကိုယ်က ကြိုက်ခဲ့တာလည်း ရှိတယ်။ ကိုယ့်ကိုလာပြီး ကမ်းလှမ်းတာတောင်
ရှိခဲ့ပါတယ်။ အဲဒီအရွယ်မှာတုန်းက ကိုယ်ကလည်း နယ်ကလူဖြစ်နေတော့
လိင်စိတ်ခံယူမှုတို့၊ ဂေးလောကတို့ဆိုတာကို လုံးဝ မသိခဲ့ပါဘူး။ ရန်ကုန်ကို
ရောက်တဲ့အထိကို မသိသေးတာပါ။ သူက အိမ်မှာ အတူတူနေရင်းကနေ သံယောဇဉ်
ဖြစ်လာတာပါ။ သူက သူ့ကိုယ်သူ ဂေးတစ်ယောက်လို့ အရင်ဖွင့်ပြောလာခဲ့တာပါ။
အတူတူနေတဲ့အချိန် တစ်နှစ်လောက်အတွင်းကို တော်တော်လေး သံယောဇဉ်က
ဖြစ်နေခဲ့တာပါ။
သူ ရန်ကုန်ကို ပြန်သွားတဲ့အခါ သူ့ကို သတိရစိတ်က
အတော်ကြီးပြင်းထန်နေတာကို ကိုယ့်ကိုယ်ကိုယ် သတိထားမိခဲ့တယ်။ ပြောရမယ်ဆိုရင်
အတော်ကြီးစွဲလန်းသွားခဲ့တာပေါ့။ Sex ကိစ္စတစ်ခုတည်းကြောင့်ရယ် မဟုတ်ဘဲနဲ့
ကိုယ့်ရင်ထဲ နှလုံးသားထဲကနေကို သတိရနေခဲ့တာပါ။ ကျနော်က ငယ်ငယ်ကတည်းက
ပင်ကိုစိတ်ကလည်း တစ်ခုခုဆို သိပ်အစွဲအလမ်းကြီးတတ်တော့လေ။
ကိုတင်ကိုကိုနဲ့ စတွေ့တဲ့အချိန်မှာ နွေးထွေးမှုတွေ အများကြီးကို
ရရှိခဲ့ပါတယ်။ အမေ့ဆီကတောင် မရခဲ့တဲ့ အစစအရာရာ ဂရုစိုက်မှုမျိုးတွေ။
ရေချိုးတာကအစ၊ ထမင်းစားတာကအစ၊ အပြင်သွားတယ်ဆိုရင် ဘယ်အချိန်ဆိုထွက်သွားပြီး
ဘယ်အချိန်ဆို ပြန်ရောက်တတ်တာကအစ။ မနက်ဆို ဘာသွားလုပ်တတ်တယ်၊
ဘာလေးတွေကြိုက်တတ်တယ်၊ ဘာလေးတွေမကြိုက်တတ်တာ၊ ဘာလေးတွေ စားတတ်တယ်၊ ဘာလေးတွေ
မစားတတ်ဘူးဆိုတာကအစ။ ကျောင်းသွားမယ်ဆိုရင်လည်း လိုအပ်တဲ့အရာတွေ
အကုန်လုံးကို အဆင်သင့်ပြင်ဆင်ပေးပြီး ဘာမှ လိုလေသေးမရှိရအောင်ကို
ဂရုစိုက်ခဲ့တာပါ။
နေမကောင်းဖြစ်တဲ့အခါလည်း
ချက်ချင်းဆေးခန်းလိုက်ပို့တာမျိုး။ ဖေဖေ၊ မေမေတို့ဆီက မရခဲ့တဲ့
ဂရုစိုက်မှုမျိုး။ ဖခင်ငတ်ခဲ့တဲ့ စိတ်ကလည်း ပါပါတယ်။ မိခင်တစ်ယောက်တည်းရဲ့
ပြုစုပျိုးထောင်မှုပဲ ရခဲ့တဲ့အတွက် လိုအပ်ချက်တော့ ရှိပါတယ်။ ကျနော်က
ပျော်ပျော်နေတတ်တယ်။ တွေ့တဲ့လူနဲ့လည်း တည့်အောင်ပေါင်းတတ်
လိုက်လျောညီထွေနေတတ်တယ်ဆိုပေမယ့် မိသားစုနဲ့ပတ်သက်ပြီး စိတ်ထဲမှာ ခံစားမှု၊
ခံစားချက်ကတော့ အမြဲရှိနေခဲ့ပါတယ်" (မျိုးမင်းထက်)
ကျနော်တို့
တစ်ယောက်ရင်ခွင်ထဲမှာတစ်ယောက် မှေးစက်ချင် မှေးစက်မယ်။
တစ်ယောက်ရဲ့လက်ဖ၀ါးကို တစ်ယောက်က ဆုပ်ကိုင်လိုက်တဲ့ အခိုက်အတန့်တိုင်းမှာ
ကိုယ်ထဲက သွေးတွေဟာ အဲဒီလက်ဖ၀ါးတွေကတစ်ဆင့် ကိုယ်ခန္ဓာထဲကို စီးဝင်လာတယ်လို့
ခံစားရတယ်။ ချစ်တယ်လို့ပြောလိုက်တိုင်း ဘယ်ဘက်ရင်ဘတ်ထဲမှာ စူးစူးနင့်နင့်
ဖြစ်ကြပြန်တယ်။ သိပ်ချစ်ပါလားလို့ တွေးလိုက်တိုင်း ကျနော်တို့ ကိုယ်ထဲက
သွေးတွေက နွေးပြီးစီးဆင်းသွားတာကို ခံစားရတယ်။ ဒါအချစ်ပဲ။ လူတိုင်း
လူတိုင်း ကြုံတွေ့ခံစားဖူးတဲ့ အချစ်ပဲဗျ။ ကျနော်တို့အချစ်က အခက်အခဲ
အတားအဆီးများလေ ပိုခိုင်မာလာလေပဲ။ အဲဒီအခက်အခဲတွေကပဲ ကျနော်တို့ကို
စိတ်ဓာတ်ခွန်အားတွေ ဖြစ်စေခဲ့တာပေါ့။ ချစ်ခြင်းမေတ္တာဟာ
မျက်နှာမလိုက်တတ်ဘူးဗျ။ ချစ်ခြင်းမေတ္တာတရားဟာ လူသားတိုင်းကို အေးမြစေတာပဲ
မဟုတ်လား။
"သူ့အိမ်လေးမှာနေရင်း အဆင်ပြေတဲ့အလုပ်လေးတွေလည်း လုပ်တယ်။
နောက်ပိုင်း အလုပ်ကလည်း ရှားတဲ့အတွက် ဒီအတိုင်းအဆင်မပြေဘူးဆိုပြီး ကျနော်က
ရန်ကုန်ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကျနော် အရင်ပြန်သွားပြီး အခြေကျတဲ့အခါ
သူ့ကို ခေါ်မယ်ပေါ့။ အဒေါ်အိမ်မှာ ခဏနေပြီး အလုပ်ရှာတယ်။ ၂၀၀၈ မှာ Marketing
အလုပ်တစ်ခုရတယ်။ ပရုတ်ဆီပုလင်းလေးတွေ လိုက်ရောင်းရတာ။ တစ်ဘူးရောင်းရရင် ၇၅
ကျပ် ကော်မရှင်ရတယ်။ လစာက တစ်သောင်းခွဲလောက်ရတယ်။ နေဖို့ထိုင်ဖို့လည်း
အဆင်ပြေပြီး အလုပ်လည်းရတဲ့အခါ မျိုးမင်းထက်ကို လိုက်လာဖို့ စာရေးပြီး
ခေါ်ခဲ့ပါတယ်။ အဲဒီကတည်းက ကျနော့်အနေနဲ့ သူ့အပေါ်မှာ မပြောင်းလဲနိုင်တဲ့
ချစ်ခြင်းမေတ္တာဆိုတာ ရှိနေပါပြီ" (တင်ကိုကို)
"ကိုတင်ကိုကိုက ကျနော်
First Year အပြီးမှာ ရန်ကုန်ကို ပြန်သွားခဲ့တယ်။ လိပ်စာပေးသွားတယ်။ စာလည်း
ရောက်တယ်။ ဖုန်းလာတာကိုလည်း စောင့်ရတယ်။ တစ်ရက်ကျတော့ သူက သူ့ဆီလာနေပြီး
အလုပ်လုပ်မလားလို့ မေးထားတဲ့ စာတစ်စောင် ရောက်လာတယ်။ ဒါပေမယ့် အဲဒီစာက
ကျနော့်ဆီ တိုက်ရိုက်မရောက်ဘဲ အစ်ကို့လက်ထဲရောက်သွားပြီး အစ်ကိုက
အရင်ဖောက်ဖတ်လိုက်တယ်။ အဲဒီမှာ စာသွားစာလာထဲမှာ တချို့စကားလုံးတွေက
ဘာမန်မဟုတ်ဘဲ ချစ်ကြောင်းကြိုက်ကြောင်းတွေ ပါနေတော့ အစ်ကိုဖြစ်သူက
ယောက်ျားလေးနှစ်ယောက် ဘာအတွက်ကြောင့် ဒီလိုစာမျိုး ရေးရတာလဲပေါ့ဆိုပြီး
ဒေါသထွက်တယ်။ ကျနော်ကလည်း စာရောက်နေပြီဆိုတာနဲ့ ချက်ချင်းပဲ အစ်ကို့ဆီ
အပြေးသွားခဲ့တယ်။
အစ်ကိုက ဒေါသဖြစ်ပြီး ဒီစာတွေက ဘာတွေလဲ၊ ငါ လုံးဝမကြိုက်ဘူး
ဘာညာဆိုပြီး ကျနော့်ကို ပြဿနာရှာတယ်။ အမေကတော့ ဘာမှ မသိရှာပါဘူး။
ကျနော်နဲ့အတူတူ ဆယ်တန်းအောင်ပြီး ဘွဲ့လည်း အတူတူရခဲ့တဲ့အစ်ကိုပါ။ သူက
အဲဒီကတည်းက ကျနော့်ကိစ္စကို ရိပ်မိသွားပြီး လုံးဝသဘောမကျတဲ့အကြောင်း၊
လက်မခံနိုင်တဲ့အကြောင်းပြောပြီး ကျနော့်ကို အတော်လေး စိတ်ဆိုးခဲ့ပါတယ်။
အခုထိလည်း စကားမပြောတော့ပါဘူး။ ကျနော်လည်း အလုပ်သွားလုပ်မယ်လို့ပြောပြီး
အမေ့ကိုပဲ ခွင့်တောင်းခဲ့တာပါ။ ကျနော့်အနေနဲ့ ကိုတင်ကိုကိုအပေါ်မှာလည်း
သံယောဇဉ်ကြီးကြီးမားမား ရှိနေတာ သိပါတယ်။ ရန်ကုန်ကို ထွက်လာဖို့က အတော်ကြီး
ကြိုးစားယူခဲ့ရတာပါ။ ရန်ကုန်ရောက်တော့လည်း အသားကျဖို့၊
အကျွမ်းတ၀င်ဖြစ်ဖို့ တော်တော်လေး လုပ်ရသေးတယ်။ ကိုတင်ကိုကိုတော့
လိုလေသေးမရှိအောင် စောင့်ရှောက်ခဲ့ပါတယ်။ အလုပ်ကလည်း သူလုပ်တဲ့အလုပ်မှာပဲ
ဝင်လုပ်ရတာဆိုတော့ အလုပ်အတူတူပေါ့။ အဆောင်ပါပေးတဲ့အလုပ်ကို
နှစ်ယောက်စလုံးပြောင်းပြီး လုပ်ကြတာပါ" (မျိုးမင်းထက်)
"မျိုးမင်းထက်က ပထမနှစ်ကို နယ်မှာဖြေလာခဲ့တာ။ သူလည်း
ကျနော်လုပ်တဲ့အလုပ်မှာပဲ ၀င်လုပ်ခဲ့တယ်။ တစ်ယောက် ၃ ထောင်ရရင် သူရတဲ့ဟာကို
စု၊ ကျနော်ရတာကို စား။ သူကလည်း ကျောင်းဆက်တက်။ အလုပ်က နယ်ထွက်ရတာများတယ်။
အတော်ပင်ပန်းတယ်။ နောက်ပိုင်း အလုပ်ထွက်ခဲ့ကြတယ်။ ဦးလေးဆီမှာ
ခဏသောင်တင်ပြီး အမေ့ဆီ ရောက်သွားကြပြန်တယ်။ စာပို့တဲ့ကုမ္ပဏီမှာ
အလုပ်ရပြန်တယ်။ နှစ်ယောက်စလုံး အတူလုပ်တယ်။ ခရီးက ဝေးလွန်းတဲ့အတွက်
နောက်ပိုင်း အလုပ်ထဲက သူငယ်ချင်းတွေနဲ့စုပြီး အခန်းလေးတစ်ခန်း ငှားနေကြတယ်။
အိပ်စရာနေရာလေး အဆင်ပြေရုံ အခန်းလေးပေါ့။ တစ်ယောက်ရတာစု
တစ်ယောက်ရတာစားပြီး ကြိုးစားကြတယ်။
အခန်းကျဉ်းလေးထဲမှာ ရေအခက်အခဲ
ပြဿနာတွေ၊ ဘာတွေရှိတာကတစ်ကြောင်း၊ မလွတ်လပ်တာက တစ်ကြောင်းနဲ့ နောက်ပိုင်း
တစ်လတစ်သောင်းခွဲပေးရတဲ့ မြောက်ဒဂုံက အခန်းလေးကိုငှားပြီး
ပြောင်းနေဖြစ်ခဲ့ကြတယ်" (တင်ကိုကို)
"အစ်ကို့အမေ သီလရှင်ဝတ်နေတဲ့
မင်္ဂလာဒုံ၊ ပုလဲက ဘုန်းကြီးကျောင်းမှာ သွားနေကြတုန်းကဆို ရတဲ့လခ
နှစ်သောင်းခွဲလောက်နဲ့ မနက်ဆိုလည်း အစောကြီးထပြီး အလုပ်သွား။ မိုးတွင်းဆို
မိုးကယို။ အိပ်ဖို့နှစ်ယောက်စာ နေရာလေးနဲ့ အတော်ခက်ခဲခဲ့ပါတယ်။ နောက်
အလုပ်လုပ်နေရင်းက သူက Supervisor အဆင့်ထိ တက်သွားတယ်။ ကျနော်လည်း
အတွေ့အကြုံ အတော်လေးရနေပြီး နေသားကျနေခဲ့ပါပြီ။ အဲဒီကနေ ကိုတင်ကိုကိုရဲ့
ဂေးလောကကပဲ၊ သူ့ကိုစောင့်ရှောက်ထားတဲ့ မာမီကြီးတစ်ယောက်ပေါ့။ သူက
မွေ့ယာဆိုင်ဖွင့်ထားတာ။ ကျနော့်အလုပ်က မြေနီကုန်းထိ သွားရတယ်။ အဲဒီလို
အချိန်အတွင်းမှာပဲ ကျနော်က First Year နဲ့တင် ကျောင်းက ရပ်ထားတာဆိုတော့
ကျောင်းတက်ဖို့ကိုလည်း ပိုက်ဆံစုနေရသေးတယ်။ မိဘကိုလည်း အဲဒီအချိန်မှာ
မထောက်ပံ့နိုင်ခဲ့ဘူး။ ကျောင်းစာမေးပွဲရှိလို့ ပြန်သွားတဲ့အခါ အမေနဲ့စပြီး
ရင်ဆိုင်ရတယ်။ အမေက ရန်ကုန်ကို ပြန်သွားဖို့ ခွင့်မပြုတော့ဘူး။ နောက်ဆုံး
အမေတားနေတဲ့ကြားက ကျနော်လည်း သူ့ဆီကို ပြန်လာဖြစ်ခဲ့တာပါ။
အဲဒီအချိန်မှာ နှစ်ယောက်စလုံး အလုပ်လုပ်ရင်း ပိုက်ဆံကို
အသည်းအသန်စုနေကြပါပြီ။ အရမ်းလည်း ချွေတာခဲ့ရပါတယ်။ ရုပ်ရှင်ဆိုရင်တောင်မှ
သူများတွေ လက်ဆောင်ပေးတဲ့ လက်မှတ်နဲ့သွားကြည့်ခဲ့တယ်။ နောက်တော့
ကိုတင်ကိုကိုက မာမီကြီးဆိုင်မှာ ကူညီရင်းကနေ ကိုယ်ပိုင် မွေ့ယာဆိုင်လေး
ဖွင့်ဖြစ်တယ်။
ကျနော်တို့နှစ်ယောက်မှာ ကိုတင်ကိုကိုက ပတ်ဝန်းကျင်ရဲ့
ထိုးနှက်ချက်ကို ပိုပြီး ခံရတာမျိုး ရှိခဲ့ပါတယ်။ ပွင့်ပွင့်လင်းလင်း
နေလို့ရတဲ့အနေအထား မရှိခဲ့တဲ့အတွက် ကြိုတင်ဖွင့်ပြောနိုင်တဲ့ အခွင့်အရေးတွေ
မရခဲ့ဘူး" (မျိုးမင်းထက်)
"မျိုးမင်းထက်က နောက်အလုပ်ကို
ထပ်ပြောင်းတယ်။ ကျနော်ကလည်း အလုပ်ထွက်လိုက်တယ်။ သူက အတော်လေး အဆင်ပြေနေပြီ။
မျိုးမင်းထက်က သူရတဲ့ လစာကို ကားခလောက်ပဲ ဖယ်ထားပြီး ကျနော့်ကို
အကုန်အပ်တယ်။ ငှားနေတဲ့အိမ်ကလည်း ပြန်ရောင်းတော့မှာ ဖြစ်တဲ့အတွက်
မာမီကြီးဆိုင်မှာ သွားနေကြတယ်။ သူကလည်း မွေ့ယာဆိုင်လေး ထပ်ဖွင့်ပြီး
ကျနော်က ဦးစီးဦးဆောင်ပြု ကူညီပေးခဲ့တယ်။ ၂ နှစ်ကျော်လောက်
ကိုယ့်ဘာသာဖွင့်ချင်တာနဲ့ သူငယ်ချင်းတစ်ယောက်ဆီကနေ ငွေချေးပြီး
ဖွင့်ခဲ့ကြတယ်။ လက်ထဲမှာက ငွေလေး ၅သောင်းလောက်သာ ရှိတာ။ အဲဒီလိုနေတဲ့အချိန်
ကျနော်နဲ့ မျိုးမင်းထက် နှစ်ယောက်ဆက်ဆံရေးကို ဖွင့်မပြောပေမယ့်
ပတ်ဝန်းကျင်က ရိပ်မိကြတယ်။
လင်မယားတွေ ဘာညာဆိုပြီး ပြောဆိုကြတာပေါ့။
မျိုးမင်းထက်ကလည်း သူရသမျှပိုက်ဆံကို ကျနော့်ကို အပ်တာရယ်၊ ဘာပဲဖြစ်ဖြစ်
သူ့သဘောနဲ့သူ မလုပ်တာတွေရယ်ပေါ့။ ဖိနပ်လေးပြတ်တာကအစ ကျနော်က ၀ယ်ပေးရတယ်။
အင်္ကျီလေးတစ်ထည်လောက် ၀ယ်ချင်တာတောင်မှ ကျနော့်ကို သူက တိုင်ပင်တယ်။
သူများတွေက ကျနော်တို့ကို ပြောကြ ဝေဖန်ကြပေမယ့် ကျနော်တို့
ဖွင့်ပြောတာမျိုးလည်း မဟုတ်ဘူး။ ပြန်လည်းမတုံ့ပြန်ခဲ့ကြဘူး။
နှစ်ယောက်စလုံးက အနေအထိုင် ဆင်ခြင်တယ်။ တွေ့သမျှလူနဲ့ ရောတာမျိုးလည်း
မရှိခဲ့ဘူး" (တင်ကိုကို)
"မြောက်ဒဂုံမှာနေတာ သုံးနှစ်လောက်ကြာတော့
အနီးအနားမှာ အိမ်ကလေးတစ်လုံး ထပ်ရှာဖြစ်တယ်။ မွေ့ယာဆိုင်လည်း ပိတ်ခဲ့တယ်။
ကိုတင်ကိုကိုက Kings N Queens LGBT Group လေးမှာ Coordinator အနေနဲ့
အလုပ်ဝင်ခဲ့တယ်။ ကျနော်က HIV/AIDS နဲ့ ပတ်သက်တဲ့ အဖွဲ့လေးမှာ
လုပ်ဖြစ်ခဲ့တယ်။ ၂၀၁၃၊ မတ်မှာ စလုပ်ဖြစ်တယ်။ အေးငြိမ်းမေတ္တာ
လူထုအခြေပြုအဖွဲ့အစည်းလေးပါ။ Proposal တင်ပြီး Donar ရှာရတယ်။ HIV
ရောဂါပိုး ရှိတဲ့သူတွေကို ဆေးပေးပြီး ကူညီပေးပါတယ်။ အခုလက်ရှိလည်း
အဲဒီအလုပ် လုပ်နေတုန်းပါ" (မျိုးမင်းထက်)
"ပထမနေတဲ့ ဂေးလောကက
မာမီ့ဆိုင်မှာ ကူညီနေရင်းနဲ့ အဲဒီဆိုင်မှာ ၀င်ထွက်သွားလာနေတဲ့
သူငယ်ချင်းအဆက်အသွယ်တွေကနေတစ်ဆင့် NGO အလုပ်တွေမှာလည်း
စိတ်ဝင်စားစပြုနေပြီ။ ဆိုင်ဖွင့်နေတဲ့အချိန်မှာပဲ အစ်ကိုက
စစ်တပ်ထဲကထွက်ပြီး ကျနော့်ဆီရောက်လာတယ်။ အစ်ကို့ကို ဆိုင်မှာထားပြီး
ကျနော်က NGO နဲ့ ပတ်သက်တဲ့ သင်တန်းလိုက်တက်တာတွေ၊ လေ့လာတာတွေလုပ်တယ်။
ငယ်ငယ်ကတည်းက စစ်တပ်ထဲမှာ အတူနေခဲ့တဲ့ သူငယ်ချင်းကလည်း Top Center မှာ
အစောကြီးကတည်းက အလုပ်ဝင်နေတာဆိုတော့ သူ့အကူအညီနဲ့ပဲ ကျနော်လည်း
အလုပ်ရခဲ့တယ်။ Gay နဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေ၊ ပညာသင်ယူမှုတွေ ရခဲ့တယ်။
အဲဒီအချိန်ကျမှ Discriminate လုပ်ခံရတာတွေ၊ ခွဲခြားဆက်ဆံခံရတာတွေကို
သေချာနားလည်လာတယ်။
၂၀၁၀၊ ၂၀၁၁ လောက်မှာ HIV နဲ့ ပတ်သက်တဲ့၊
လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ဆွေးနွေးပြောဆိုရတာတွေကို လုပ်ရတော့
အလုပ်အပေါ်မှာ ပိုပြီးစိတ်ဝင်စားခဲ့တယ်။ ချင်းမိုင်မှာ Human Rights
Institute Of Burma မှာ Training သွားတက်ခဲ့တယ်။ Kings N Queens LGBT မှာ
Coordinator အနေနဲ့ ဆက်ပြီး တာဝန်ထမ်းဆောင်ဖြစ်ခဲ့တယ်" (တင်ကိုကို)
ကျနော်တို့ရဲ့ တစ်ယောက်ကိုတစ်ယောက် ချစ်ခင်တယ်ဆိုတာက နှစ်ယောက်တစ်ဘဝ
ထူထောင်မယ်ဆိုတဲ့ စိတ်မျိုးနဲ့ နေခဲ့လို့ပါ။ တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှ
ထားမသွားခဲ့ဘူးဆိုတဲ့ နားလည်မှုမျိုးပါ။
ပတ်ဝန်းကျင်ဟုတ်လား။
ခင်ဗျားကို ကျနော်တို့ တစ်ခုမေးမယ်နော်။ ပတ်ဝန်းကျင်က ခင်ဗျားကို
ဖန်ဆင်းထားတာလား။ ခင်ဗျားတို့၊ ကျနော်တို့က ခင်ဗျားမေးနေတဲ့
ပတ်ဝန်းကျင်ကြီးကို ဖန်တီးထားကြတာလား။ ဥပမာဗျာ- အဲဒီပတ်ဝန်းကျင်က
ခင်ဗျားကို သေခိုင်းမယ်ဆို ခင်ဗျားသေပြလိုက်မှာပဲလား။ အဓိကက
ကျနော်တို့ပါဗျာ။ ပတ်ဝန်းကျင်တစ်ခုကို မပြောင်းလဲနိုင်လို့ဆိုပြီးတော့
ကျနော်တို့ကိုယ်ကျနော်တို့ ပြောင်းလဲလိုက်ဖို့ မလိုပါဘူး။ ဒါ
အရှုံးပေးလိုက်ခြင်းပဲ။
အရေးကြီးဆုံးအချက်က
အဲဒီပတ်ဝန်းကျင်ဆိုတာကြီးနဲ့ လိုက်လျောညီထွေရှိဖို့ ကျနော်တို့
ကိုယ့်ကိုယ်ကိုယ် လိမ်ညာနေကြတာကမှ တကယ့်ပြဿနာ။ ခင်ဗျား ပတ်ဝန်းကျင်ကို
လိမ်တာထက် ကိုယ့်ကိုယ်ကိုယ် လိမ်တာကမှ တကယ့်အပြစ်ဗျ။
တစ်နည်းပြောရဦးမယ်ဆိုရင် ဒါ လူဖြစ်ရှုံးတာပဲ။ ဘာဖြစ်လဲဗျာ။
ကိုယ်ဖြစ်တည်လာခဲ့တာကို အရှိအတိုင်း လက်ခံရမှာပေါ့။ ကိုယ်ကိုယ်တိုင်ကတော့
လက်ခံရမှာပေါ့။ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ထိ ညာနိုင်မယ်လို့ ထင်လဲ။
တကယ်လို့ ညာနိုင်ခဲ့မယ်ဆိုရင်တောင် ကျနော်တို့ကတော့ ဒါကို မှန်တယ်လို့
မထင်ဘူးဗျာ။
"နဂိုကတည်းက တစ်ယောက်တည်းနဲ့ တစ်ဘ၀ဆိုတာ
မထူထောင်ချင်လို့ နှစ်ယောက်ရဲ့ ကမ္ဘာတစ်ခုလို ဖန်တီးပြီး နေခဲ့ကြတာ။
မင်္ဂလာဆောင်တယ်ဆိုတာကလည်း အိပ်မက်တွေထဲက တစ်ခုပေါ့။ အခွင့်အရေးဆိုတာတွေကို
ကိုယ်ကလည်း သိလာတဲ့နောက်ပိုင်း အဘက်ဘက်ကလည်း ပွင့်လင်းတာက တစ်ကြောင်း၊
ငွေကလည်း စုမိဆောင်းမိ နည်းနည်းရှိနေတော့ အကြောင်းအရာအားလုံးက
အဆင်ပြေတိုက်ဆိုင်လာတဲ့အချိန်မှာ အထိမ်းအမှတ်ပွဲ လုပ်မယ်ဆိုတာလေး
ဖြစ်လာခဲ့ပါတယ်။
ဆယ်နှစ်ပြည့်အထိမ်းအမှတ်ပွဲရယ်လို့ ရည်ရွယ်ပြီး
လုပ်ကြတာပါ။ ဒီနေ့ ယောက်ျား၊ မိန်းမတွေတောင်မှ တစ်နှစ်၊ နှစ်နှစ်လောက်နဲ့
ကွဲကွာသွားကြတဲ့အထဲမှာ ငါတို့လိုလူတွေက ဆယ်နှစ်ဆိုတဲ့ကာလအထိ မြဲမြဲမြံမြံ
လက်တွဲနေလာတယ်ဆိုတာကို ပြချင်တာ။ ကျနော်တို့ကို လူ့အသိုက်အ၀န်းက
သတ်မှတ်ထားတဲ့ ဘောင်ထဲကနေ ထွက်ပြချင်တာ" (တင်ကိုကို)
"နှစ်ယောက်စလုံးကတော့ ကိုယ်စီ ဘယ်နှစ်နှစ်ဆိုတာမျိုးကို မှတ်မှတ်သားသား
ရှိကြပေမယ့် ဘာအထိမ်းအမှတ်မှ ထူးထူးထွေထွေ မလုပ်ဖြစ်ခဲ့ပါဘူး။
ကိုတင်ကိုကိုက စပြီးဖွင့်ပြောလာတာပါ။ ၂၀၁၃၊ ဇူလိုင်မှာ တိုင်ပင်ခဲ့ကြတယ်။
၁၀ နှစ်တောင် ပြည့်တော့မယ်နော်၊ အခမ်းအနားလေး လုပ်ချင်တယ်ဆိုပြီး။ သူက
ဘယ်လိုဝတ်စုံလေး ၀တ်မယ်၊ ဘယ်လိုလေးလုပ်မယ် ပြောပြနေခဲ့တော့ မိဘတွေကို
ဖွင့်ပြောခဲ့တယ်။ မတ်လ ၂ ရက်နေ့ မှာ ၁၀နှစ်ပြည့်ရှိတယ်လို့ မိဘတွေကို
ဖွင့်ပြောခဲ့တာ။ ဘာအတွက်လုပ်မှာလဲလို့ အမေက မေးတယ်။ အတူနေတာ ၁၀နှစ်ပြည့်
အမှတ်တရဆိုတော့ အမေက အတော်လေး အံ့သြနေခဲ့တယ်။ အမေ့ကိုပဲ နားလည်အောင်
ပြောပြခဲ့ပါတယ်။ မိသားစုတွေဆိုပေမယ့် ဒီအသက်အရွယ်မှာ အကုန်လုံးက
ကိုယ့်လမ်းကိုယ် လျှောက်နေကြပြီလေ။ ကျနော်လည်း ကျနော် ချစ်ခင်မြတ်နိုးရတဲ့၊
ကျနော့်ကို နွေးထွေးမှု ချစ်ခြင်းမေတ္တာအပြည့်အ၀ပေးတဲ့သူနဲ့
လက်တွဲဖို့ဆိုတာ ခိုင်ခိုင်မာမာ ဆုံးဖြတ်ခဲ့ပြီးနေပြီပဲ။ ခိုင်လည်း
ခိုင်မာနေခဲ့ပြီပဲ" (မျိုးမင်းထက်)
"ဖိတ်စာဝေတဲ့အချိန်မှာ
ဖေ့စ်ဘွတ်ပေါ်မှာ အရမ်းပြန့်သွားတယ်။ မဖိတ်ထားတဲ့ မီဒီယာတွေက
သူတို့ထင်မြင်ယူဆချက်တွေကို အမျိုးမျိုးရေးကြတယ်။ မျိုးမစစ်တဲ့ကောင်တွေ၊
သတ်ပစ်ဆိုပြီး ပြောကြဆိုကြတာတွေပါ ရှိခဲ့ပါတယ်။ ကျနော်တို့ကလည်း လူထဲက
လူတွေပါပဲ။ ဒီလိုသာဖြစ်လာမယ်ဆို လူ့အသိုက်အ၀န်းတစ်ခုလုံးအတွက်
မကောင်းနိုင်ပါဘူး။ မီဒီယာတွေကလည်း ကျင့်ဝတ်မဲ့ အမျိုးမျိုး ရေးခဲ့ကြပါတယ်။
အဲဒီလို ရေးတဲ့လူတွေကို အခုအချိန်ထိ ဖြေရှင်းချက်လည်း မထုတ်ခဲ့ပါဘူး။
အချိန်တန်ရင် ပြီးသွားမယ်ဆိုပြီး ထားခဲ့ကြပါတယ်။
တကယ်က Performance
တစ်ခုအနေနဲ့ပဲ သွားမယ်ဆိုပြီး တွေးခဲ့တာပါ။ လူတွေကလည်း တစ်ယောက်ယောက်ကတော့
မိန်းမလိုဝတ်လိမ့်မယ်လို့ မျှော်လင့်ထားကြပုံပဲ။ ကျနော်တို့က အစကတည်းက
ယောက်ျားလိုနေခဲ့ကြတာ ဖြစ်တဲ့အတွက် ယောက်ျားလိုပဲ ပုံမှန်ပုံစံအတိုင်းပဲ
ပွဲထွက်ခဲ့တယ်။ အချိန်အကြာကြီး တွေးထား၊ စိတ်ကူးထားတာဖြစ်လို့
တကယ်နီးလာချိန်မှာ စိတ်လှုပ်ရှားမိခဲ့တယ်။ ဒီကြားထဲ မီဒီယာသမားတွေကြောင့်
အရမ်းကို စိတ်အနှောက်အယှက်ဖြစ်ခဲ့ရသေးတယ်။
ကျနော်
ပျော်ချင်နေခဲ့ပေမယ့် အပြည့်အ၀ မပျော်ခဲ့ရပါဘူး။ တစ်သက်မှာ တစ်ကြိမ်ရမယ့်
ပျော်ရွှင်မှုကို စိတ်ထဲ အလိုမကျမှုတွေနဲ့ လျှောက်လမ်းကို ဖြတ်ခဲ့ရပါတယ်။
သူငယ်ချင်းတွေ၊ ဆွေမျိုးအသိုက်အ၀န်းတွေကို တွေ့လိုက်ရတော့မှ အတော်လေး
သက်သာသွားတယ်။ ပွဲထဲမှာမှ မဟုတ်ဘူး အခုအချိန်ထိ အဲဒီပုံလေးတွေ
ပြန်ကြည့်တိုင်း အရမ်းကြည်နူးမိတုန်းပဲ" (တင်ကိုကို)
"အတော်လေး
စိတ်ပူပန် ကသိကအောက် ဖြစ်ခဲ့ရတယ်။ ပွဲမစခင် တစ်နာရီလောက်မှာကို အပြင်မှာ
မီဒီယာတွေက အရမ်းအုံနေပြီ။ ကိုတင်ကိုကိုက အခြေခံ လူ့အခွင့်အရေးအတွက်လည်း
အလုပ်လုပ်နေတဲ့သူဖြစ်တာကြောင့် အခုလို မီဒီယာတွေက သတင်းတွေလာယူတာနဲ့
ပတ်သက်ပြီး ကျနော်တို့ ခွင့်ပြုချက်လည်း မယူဘဲ ဒီလိုလုပ်တာကို
လက်မခံနိုင်ဘူးဆိုပြီး အတော်လေး စိတ်တိုသွားတယ်။
ကျနော်ကပဲ သူ့ကို
ဖျောင်းဖျခဲ့ရပါတယ်။ ခန်းမထဲမှာလည်း လူတွေအများကြီး ရောက်နေပြီ။
ပွဲထွက်ဖို့ကလည်း ၁၅ မိနစ်လောက်ပဲ လိုတဲ့အချိန်မှာ အရမ်းကို
စိတ်လှုပ်ရှားနေခဲ့ပါတယ်။ ဖိတ်ထားတဲ့ ဧည့်သည် ၃၀၀ လောက်နဲ့ ဓာတ်ပုံသမား
အယောက် ၅၀ လောက်ကြားမှာ ကိုတင်ကိုကိုက လုံးဝကို မပြုံးတော့ဘူး။ ကျနော်ပဲ
နှစ်ဆပြုံးလိုက်ရတယ်။
ညကျတော့ ဖေ့စ်ဘွတ်မှာ ပွနေပြီ။ ဘယ်သူ့ကိုမှ
အင်တာဗျူးလည်း ပြန်မဖြေခဲ့ဘူး။ မနက်အိမ်ပြန်တဲ့အခါ လက်ပွေ့ဂျာနယ်သမားတွေက
အော်ပြီးကို ရောင်းနေကြပါပြီ။ ကျနော်တို့က ပျော်ပျော်ရွှင်ရွှင်လေး
ဖြစ်ချင်တာကို အတော်လေး စိတ်ပူပင်ခဲ့ရပါတယ်။ သတင်းအမှားတွေကိုလည်း
ဖော်ပြကြပါတယ်။ ပုဒ်မတွေပါတပ်ပြီး ဖမ်းဆီးမယ်ဆိုတဲ့ သတင်းတွေလည်း ပါလာတော့
မီဒီယာတွေကို အတော်လေး စိတ်ပျက်မိခဲ့တယ်။ ဂျာနယ်ပေါင်း အတော်များများမှာ
ပါပါတယ်" (မျိုးမင်းထက်)
လက်ထပ်ဖို့၊ အတူတူနေကြဖို့ကတော့
ကျနော်တို့အတွက် မဖြစ်မနေလိုအပ်တဲ့ အကြောင်းအရာ မဟုတ်ပါဘူး။ ဒါကို
ထုံးတမ်းအစဉ်အလာတစ်ခုလို့ သတ်မှတ်ထားတယ်လို့ပြောလည်း ကျနော်တို့အတွက်
အချစ်ဆိုတာ ချည်နှောင်ထားဖို့ကို မလိုတဲ့အရာ။ ကျနော်တို့ အပိုပြောတာ
မဟုတ်ဘူးဗျ။ ရင်ထဲက တကယ့်ခံစားချက်ကို ခင်ဗျားကို အပွင့်လင်းဆုံး
ပြောပြနေတာ။ ခင်ဗျားတို့ အချစ်တွေ၊ အဲ... ခင်ဗျားတို့ စကားအရဆို Normal
ပေါ့။ ယောက်ျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် ချစ်တဲ့အချစ်။ သဘာဝလို့
အာဒမ်နဲ့ဧ၀ စကတည်းက လက်ခံထားကြတဲ့ ချစ်ခြင်း။ အဲဒီချစ်ခြင်းမှာ
ပေါင်းစည်းခြင်း၊ လက်တွဲခြင်း၊ ဒါတွေနဲ့ အချစ်ကို ချည်နှောင်ကြတယ်။
ပိုမိုခိုင်မြဲအောင် ဖန်တီးကြတယ်။ လူသားတာဝန်ကို ကျေပွန်အောင်
ထမ်းဆောင်ကြတယ်။ ပိုမိုခိုင်မြဲအောင် ဖန်တီးကြတယ်။ ဒါပေမယ့်
ကျနော်တို့တွေရဲ့ ချစ်ခြင်းက ချစ်ခြင်းနဲ့ပဲ အဆုံးသတ်တယ်။ ဒီအတွက်
ကျနော်တို့ကတော့ လက်ထပ်ချင်ပေမယ့် လက်ထပ်မှ ကျနော်တို့ရဲ့အချစ်တွေ
ပိုမိုခိုင်မြဲမယ်ဆိုတာမျိုးလည်း မဟုတ်ဘူး။
ကျနော်တို့
တစ်ယောက်ကိုတစ်ယောက် ချစ်တယ်။ နားလည်တယ်။ တစ်ယောက်ရဲ့ ဖြစ်တည်ခြင်းကို
တစ်ယောက်က ကြည်ဖြူမြတ်နိုးစွာ လက်ခံတယ်။ အဲဒီစိတ်ကလေးက မလှပဘူးလားဗျာ။
လက်တွဲပြီဆိုကတည်းက ဘယ်တော့မှ လက်တွဲမဖြုတ်ချင်တော့ဘူး။
ကျနော်တို့
သူများအကျိုးစီးပွား ပျက်စီးရာပျက်စီးကြောင်းကို မကြံစည်ဘူး။ မလုပ်ဘူး။
ကျနော်တို့ကို အခြောက်လို့ ခေါ်လိုက်တဲ့သူတွေ၊ သူတို့စိတ်ထဲက
ဘယ်လိုခံစားချက်နဲ့ခေါ်ခေါ် ကျနော်တို့ မခံစားဘူး။ ကျနော်တို့ရဲ့ Society က
မိန်းကလေးချောချောနှစ်ယောက်နဲ့ အခြောက်တစ်ယောက် လမ်းလျှောက်လာတာကို
တွေ့ရင်တောင် မိန်းမချောလေးတွေထက် အခြောက်ဆိုတဲ့ လူတန်းစားကို
ပိုစိတ်ဝင်စားတတ်ကြတာ မဟုတ်လား။ ကျနော်တို့ကတော့ ဒါကို
စိတ်ဓာတ်ခွန်အားအဖြစ် ပြောင်းလဲပစ်ကြမှာပဲ။ တစ်ချိန်ကျရင်တော့
ကျနော်တို့ကို လက်ခံလာကြပါစေ၊ ဘာဖြစ်ပါစေလို့လည်း ဆုမတောင်းဘူးဗျ။
ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ဟာ ကျနော်တို့ ဖြစ်တည်လာတဲ့ဘ၀မှာ
ဆုတောင်းဖြစ်ခဲ့တာထက် လက်တွေ့ရင်ဆိုင် ဖြတ်သန်းလာရတာတွေကများတော့
ဆုတောင်းနေတာထက် ကိုယ်လုပ်သင့်တာကို လုပ်ဖို့ဆိုတာပဲ ခေါင်းထဲမှာရှိတယ်။
ကျနော်တို့ ရင်ခုန်မြတ်နိုးရတာက ချစ်ခြင်းတရားပါ။ ယောက်ျားတစ်ယောက်က
ယောက်ျားတစ်ယောက်ကို ချစ်တယ်ဆိုတဲ့နေရာမှာ အပိုင်းနှစ်ပိုင်းရှိတယ်။
ဒါပေမယ့် ခင်ဗျားတို့က ယောက်ျားတစ်ယောက်က ယောက်ျားတစ်ယောက်ကိုဆိုတဲ့
အပိုင်းကိုပဲ အာရုံစိုက်ကြတယ်။ ပြစ်တင်ရှုတ်ချကြတယ်။ ကဲ့ရဲ့ဝေဖန်ကြတယ်။
ဒီအတွက် ကျနော်တို့ကြားမှာရှိတဲ့ ချစ်ခြင်းမေတ္တာက သေမသွားဘူးဗျ။
ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့ မေ့နေကြတဲ့၊ အာရုံမထားကြတဲ့အပိုင်းမှာ
ပါဝင်နေတဲ့ ချစ်တယ်ဆိုတဲ့ လောကကြီးကို ပိုမိုလှပအောင် အမြဲဖန်ဆင်းပေးတဲ့
ချစ်ခြင်းမေတ္တာတရားမှာ ဖြူစင်မှု၊ ဘက်မလိုက်မှု၊ ရိုးသားမှုတွေပါဝင်တယ်
ဆိုတာကို ကျနော်တို့ ပြောပြချင်တယ်။ ကျနော်တို့က ယောက်ျားပါ။
ယောက်ျားတစ်ယောက်လိုပဲ ပြုမူနေထိုင်ပါတယ်။ မိန်းကလေးလို ၀တ်ချင်စားချင်၊
လှချင်ပချင်တဲ့ စိတ်မရှိပါဘူး။ ဒါပေမယ့် ကျနော်တို့ ချစ်တာကလည်း
ယောက်ျားတစ်ယောက်ပါပဲ။ လူသားတွေကြားမှာ ထားရှိတဲ့ ချစ်ခြင်းမေတ္တာမျိုးနဲ့
ကျနော်တို့ ချစ်တယ်။
အချစ်ဆိုတာလေးကိုပဲ ခင်ဗျားကို မြင်ကြည့်ပါ။
ကျနော်တို့က မိမိကိုယ်ကိုယ်လိမ်ညာပြီး ကိုယ့်ပတ်ဝန်းကျင်ကို လိမ်ညာပြီး အသက်ရှင်ရတာထက် ကျနော်တို့ ဖြစ်တည်လာတဲ့ဘ၀ကို ရိုးသားစွာဝန်ခံပြီး ရှင်သန်ရတာကို ပိုတန်ဖိုးထားမိပါတယ်။
ကျနော်တို့ ချစ်ကြပါတယ်။
ကျနော်တို့ တစ်ယောက်ကိုတစ်ယောက် ချစ်ကြတယ်။
ဒါကို အပြစ်လို့ပြောရင် အချစ်က ကျနော်တို့ဘက်က ရပ်တည်ပေးလိမ့်မယ်လို့ ကျနော်တို့ယုံကြည်ပါတယ်။
ကျနော်တို့က မိမိကိုယ်ကိုယ်လိမ်ညာပြီး ကိုယ့်ပတ်ဝန်းကျင်ကို လိမ်ညာပြီး အသက်ရှင်ရတာထက် ကျနော်တို့ ဖြစ်တည်လာတဲ့ဘ၀ကို ရိုးသားစွာဝန်ခံပြီး ရှင်သန်ရတာကို ပိုတန်ဖိုးထားမိပါတယ်။
ကျနော်တို့ ချစ်ကြပါတယ်။
ကျနော်တို့ တစ်ယောက်ကိုတစ်ယောက် ချစ်ကြတယ်။
ဒါကို အပြစ်လို့ပြောရင် အချစ်က ကျနော်တို့ဘက်က ရပ်တည်ပေးလိမ့်မယ်လို့ ကျနော်တို့ယုံကြည်ပါတယ်။
♥
Credits:
ဆောင်းပါး - ခင်မွန်
ဓာတ်ပုံ - မြတ်အင်း
The Real Lives Real Stories မဂ္ဂဇင်း Vol. 22, September 2014 မှ
ဓာတ်ပုံ - မြတ်အင်း
The Real Lives Real Stories မဂ္ဂဇင်း Vol. 22, September 2014 မှ




No comments:
Post a Comment