Pages

Sunday, May 10, 2015

ယဉ်ကျေးမှုဓလေ့ထုံးစံအမျိုးမျိုးမှာ တွေ့ရတဲ့ လိင်စိတ်တိမ်းညွတ်မှုအမျိုးမျိုး


လိင်တူချစ်သူယောက်ျားမိန်းမတွေ၊ လိင်တူလိင်ကွဲနှစ်မျိုးလုံးချစ်သူယောက်ျားမိန်းမတွေဟာ အရင်ခေတ်တွေမှာရော ရှိခဲ့ပါသလား။ နိုင်ငံအသီးသီးမှာ ရှိခဲ့ကြပါသလား။ ရှိတယ်ဆိုရင် သူတို့ရဲ့ဦးရေက ယနေ့ခေတ်အနောက်တိုင်းမှာတွေ့ရသလို အတူတူပဲလား။


လူမှုဗေဒပညာရှင် Fred Whitam ဟာ အနောက်တိုင်းယဉ်ကျေးမှုနဲ့ အတန်ကွဲပြားတဲ့နိုင်ငံတွေမှာ (ဥပမာ- ဂွာတာမာလာ၊ ဖိလစ်ပိုင်) ယောက်ျားတွေရဲ့လိင်စိတ်တိမ်းညွတ်မှုကို စစ်တမ်းတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီနိုင်ငံတွေမှာ မြို့ကြီးပြကြီးကယောက်ျားတွေရဲ့ ၅% က လိင်တူချစ်သူတွေဖြစ်နေပြီး လန်ဒန်လို အနောက်တိုင်းကမြို့ကြီးကလိင်တူချစ်သူယောက်ျားဦးရေ(ခန့်မှန်း)ရာခိုင်နှုန်းနဲ့ အကြမ်းဖျင်းကိုက်ညီနေတယ်လို့ သူက ဆိုပါတယ်။ (မြို့ကြီးပြကြီးတွေမှာ တစ်နိုင်ငံလုံးစစ်တမ်းတွေထက် လိင်တူချစ်သူဦးရေ ပိုများနေလေ့ရှိပါတယ်။ လိင်တူချစ်သူတွေ ကျေးရွာဒေသတွေကနေ မြို့ပြဆီ ပြောင်းရွှေ့မှုကြောင့် ဖြစ်နိုင်ပါတယ်)
 
ခေတ်ချင်းနှိုင်းယှဉ်ရာမှာ ပြဿနာရှိတာကတော့ အရင်ခေတ်တွေနဲ့ အခုခေတ် လိင်စိတ်တိမ်းညွတ်မှုကို နားလည်ပုံအယူအကောက်မတူတာပါပဲ။ ဥပမာပြောရရင် လိင်တူချစ်သူ ဆိုတဲ့အသုံးအနှုန်းကို ၁၈၆၀ခုနှစ်များဆီမှာ စတင်အသုံးပြုခဲ့ပါတယ်။ ဒီရှေ့အစောပိုင်းကာလ အနောက်တိုင်းယဉ်ကျေးမှုမှာ လိင်တူချစ်ခြင်းကို လူအုပ်စုတစ်ခုအဖြစ်နားလည်ကြတာမဟုတ်ပါဘူး။ အဲဒီ့အစား ဘယ်သူမဆို စိတ်အလိုလိုက်ပြီး မှားယွင်းကျူးလွန်တဲ့ ပြစ်မှု(သို့မဟုတ်) ရာဇဝတ်မှုတစ်ခု (sodomy)အဖြစ်သာ မြင်ခဲ့ကြတာပါ။ အဲဒီ့တုန်းက လိင်တူချင်းသဘောကျတဲ့သူတွေကို အတိုင်းအတာတစ်ခုအထိ အသိအမှတ်ပြုပြီး လိင်တူချစ်သူလို့ တံဆိပ်ကပ်တာမျိုးတော့ ရှိပါတယ်။ ဒါပေမဲ့ သူတို့သတ်မှတ်ပုံက အမူအရာနဲ့လူမှုဆက်ဆံရေးမှာ မိန်းမဆန်တဲ့သူတွေကို လိင်တူချစ်သူယောက်ျား၊ ယောက်ျားဆန်ရင်တော့ လိင်တူချစ်သူမိန်းမ စသဖြင့် ဘောင်ကျဉ်းကျဉ်းလေးသာဖြစ်ခဲ့ပါတယ်။
 
ဥပမာ ၁၈ရာစု လန်ဒန်မှာ လိင်တူချစ်သူယောက်ျားတွေကို “molly”  လို့ သုံးနှုန်းခဲ့ကြပါတယ်။ သူတို့တတွေ မိန်းမလို ဝတ်ဆင်၊ပြုမူကြပြီး လိင်တူချင်းဆက်ဆံ၊ လက်ထပ်နေကြတဲ့နေရာကိုတော့ “molly-houses” လို့ ခေါ်ခဲ့ကြပါတယ်။ အဆုံးသတ်မှာတော့ လိင်တူဆက်ဆံခြင်း (sodomy) ကို သေဒဏ်ပေးတဲ့ ၁၈ရာစု အင်္ဂလန်မှာ ကိုယ့်ကိုယ့်ကိုယ် လိင်တူချစ်သူပါလို့ ဖွင့်ဟပြောဆိုခြင်းဟာ ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်နေမှာမဟုတ်လား။ ဒီတော့ ကျားကျားလျားလျားရှိတဲ့ လိင်တူချစ်သူယောက်ျားတွေနဲ့ မိန်းမဆန်တဲ့လိင်တူချစ်သူမိန်းမတွေဟာ သူတို့ရဲ့လိင်စိတ်တိမ်းညွတ်မှုကို ဖုံးကွယ်ထားခဲ့မယ်လို့ ယူဆရပါတယ်။
 
တချို့ဓလေ့တွေမှာ လက်မထပ်ရသေးတဲ့မိန်းမတွေကို ယောက်ျားတွေနဲ့ဝေးရာမှာ ထိန်းသိန်းပုန်းဝှက်ထားတာမျိုး ရှိပါတယ်။ ဒီလိုပတ်ဝန်းကျင်မျိုးမှာ လူပျိုဖော်ဝင်ခါစကောင်လေးတွေဟာ အရွယ်ရောက်ပြီးယောက်ျားတွေ (အထူးသဖြင့် လက်မထပ်ရသေးတဲ့ သက်လတ်ပိုင်းယောက်ျားတွေ)ရဲ့ လိင်ဆက်ဆံဖော်တွေလို ဖြစ်လာရပါတယ်။ ရှေးခေတ်ဂရိဟာ သိသာထင်ရှားတဲ့ဥပမာပါပဲ။ ဂရိချစ်ခြင်း (“Greek love”) ဟာ လိင်တူချစ်ခြင်းကို ရည်ညွှန်းတဲ့အထိတောင် ဖြစ်ခဲ့ပါတယ်။ လောလောလတ်လတ်ဥပမာပြောပါဆိုရင် မိန်းမတွေကို တစ်ကိုယ်လုံး အဝတ်နဲ့ ဖုံးအုပ်ထားခိုင်းတဲ့ တာလီဘန်တွေရဲ့လက်အောက်မှာရှိနေတဲ့ အာဖဂန်နစ္စတန်က လိင်တူချစ်ခြင်းကို လက်ညှိုးထိုးရမှာပါပဲ။ “ကျွန်တော် ကောင်လေးတွေကို သဘောကျတယ်။ ဒါပေမဲ့ ကောင်မလေးတွေကို ပိုသဘောကျတယ်” ကန်ဒါဟာမြို့နေယောက်ျားတစ်ယောက်က လော့စ်အိန်ဂျလိစ်တိုင်းမ်းသတင်းစာကို ဖြေခဲ့တာပါ။ “မိန်းမတွေကို မြင်ခွင့်မရတော့ သူတို့လှမလှ မသိရဘူး။ ယောက်ျားလေးတွေကိုကျ မြင်နေရတာဆိုတော့ သူတို့ထဲက ဘယ်သူလှတယ်မလှဘူး ပြောနိုင်တယ်လေ” ကန်ဒါဟာမြို့ကယောက်ျားဦးရေရဲ့တစ်ဝက်ခန့်ဟာ ယောက်ျားအချင်းချင်းလိင်ဆက်ဆံမှု တစ်ခါမဟုတ်တစ်ခါ ပြုလုပ်ဖူးတယ်လို့ သတင်းစာဆောင်းပါးမှာ အင်တာဗျူးဖြေတဲ့ ဒေသခံဆေးပညာပါမောက္ခက ဆိုပါတယ်။
 
ဒီလိုမျိုးဓလေ့ရှိတဲ့တိုင်းပြည်တွေမှာ လူပျိုဖော်ဝင်စကောင်ကလေးတွေကို လိင်ဆက်ဆံဖော်အဖြစ် ရွေးချယ်ကြတာဟာ နှုတ်ခမ်းမွေးမပါ၊ ကြွက်သားအဖုအထစ်မရှိတဲ့ဒီကောင်လေးတွေက ပုံပန်းသဏ္ဍာန်အားဖြင့် (အရွယ်ရောက်ပြီးယောက်ျားတွေနဲ့စာရင်) မိန်းမတွေနဲ့ သွားတူနေတယ်ဆိုတဲ့အချက်ကို ထင်ဟပ်နေပါတယ်။ ဒါ့ကြောင့် ရှေးခေတ်ဂရိက (ဒါမှမဟုတ် အာဖဂန်နစ္စတန်က) ယောက်ျားတော်တော်များများ(ဒါမှမဟုတ် အများစု)ကို (လိင်ဆက်ဆံဖော်အဖြစ် ရွေးချယ်စရာ ယောက်ျားတွေပဲရှိနေတဲ့အခြေအနေကို လျစ်လျူရှုပြီး) လိင်တူချစ်သူလို့ တံဆိပ်ကပ်တာဟာ မှားတယ်လို့ဆိုရမှာပါ။ ရွေးချယ်စရာအကန့်အသတ်ရှိတဲ့ အနေအထားမှာ ရမ္မက်စိတ်ဆန္ဒနဲ့ လိင်ဆက်ဆံခြင်း တို့ ဘယ်လောက်အတိုင်းအတာထိ အလိုက်သင့်ပြောင်းလဲပြုမူသလဲဆိုတာ ဒီယဉ်ကျေးမှုတွေမှာ မြင်ရမှာပါ။ ဒီနေ့ ထောင်တွေနဲ့ အမျိုးသားသီးသန့်ကျောင်း၊ အမျိုးသမီးသီးသန့်ကျောင်း စသည်မှာလည်း ဒီပုံစံမျိုး တွေ့နိုင်ပါတယ်။
 
ဒါပေမဲ့ ရှေးခေတ်ဂရိမှာတောင် (လုံးဝ)လိင်တူကိုပဲတပ်မက်တဲ့ ယောက်ျားတွေနဲ့မိန်းမတွေရှိကြောင်း သိရှိနားလည်ခဲ့ကြပါတယ်။ ဒါကို ပလေတိုရဲ့ Symposium(The Drinking Party) မှာ တွေ့နိုင်ပါတယ်။ အဲဒီ့ထဲက ပါဝင်တက်ရောက်သူတစ်ယောက်က ဒဏ္ဍာရီတစ်ခုကို ရုတ်တရက်ထုတ်ပြောပြီး လိင်တူချစ်သူ ယောက်ျားမိန်းမတွေနဲ့ လိင်ကွဲချစ်သူယောက်ျားမိန်းမတွေ ဖြစ်ရှိနေခြင်းကို ရှင်းပြဖို့ တောင်းဆိုခဲ့ပါတယ်။ ပလေတိုရဲ့အဆိုဟာ လိင်စိတ်တိမ်းညွတ်မှုကို မျိုးဇဗီဇဆိုင်ရာအားဖြင့် ရှင်းပြဖို့ကြိုးစားတဲ့ ပထမဆုံးသီအိုရီလို့ ဆိုနိုင်မှာပါ။
 
တကယ်တော့ဒီထဲက ပါဝင်တက်ရောက်သူနှစ်ယောက် (Pausanias နဲ့ Agathon တို့)ဟာ တစ်သက်လုံး အတူနေသွားကြတဲ့ အမျိုးသားစုံတွဲဖြစ်ပါတယ်။ ဒီနေ့ခေတ်အမြင်အရဆို သူတို့ဟာ လိင်တူချစ်သူတွေပါပဲ။ ဒါပေမဲ့ ကာလတာရှည်တဲ့ အတူတွဲနေထိုင်ခြင်းဟာ ပုံမှန်တော့ ဟုတ်ပုံမရခဲ့ပါဘူး။ ခက်တာကလည်း ရှေးခေတ်ဂရိမှာ လိင်တူချစ်ခြင်းရှိခဲ့တယ်ဆိုတာကလွဲလို့ လိင်တူချစ်သူဦးရေဘယ်လောက်ရှိခဲ့သလဲ သိဖို့က ကမ်းမမြင်လမ်းမမြင်ဖြစ်နေတာပါပဲ။
 
ယောက်ျားအချင်းချင်းလိင်ဆက်ဆံခြင်းတွေ၊ မိန်းမအချင်းချင်းလိင်ဆက်ဆံခြင်းတွေဟာ အနောက်တိုင်းမဟုတ်တဲ့ဓလေ့တွေမှာ ကျယ်ကျယ်ပြန့်ပြန့်ကိုရှိခဲ့တယ်လို့ မနုဿဗေဒပပညာရှင်တွေက ဆိုပါတယ်။ မွေးကတည်းက နွဲ့နွဲ့နှောင်းနှောင်းရှိခဲ့တဲ့ကောင်ကလေးတွေက အရွယ်ရောက်တဲ့အခါမှာလည်း မိန်းမအဖြစ်၊ (ဒါမှမဟုတ်) မိန်းမရောယောက်ျားရော အရောအစပ်အသွင်နဲ့ ဖြစ်လာပါတယ်။ သူတို့ဟာ ကျားကျားလျားလျားရှိတဲ့ယောက်ျားတွေနဲ့ လိင်ဆက်ဆံတာမျိုး၊ လက်ထပ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ နေးတစ်အမေရိကန်ဓလေ့ထုံးစံတော်တော်များများမှာ အဲဒီ့လိုလူမျိုးတွေကို နာမည်သီးသန့်ပေးတာမျိုး ရှိပါတယ်။ ဥပမာအားဖြင့် လာကိုတာဘာသာစကားမှာ winkte လို့ ခေါ်တာမျိုး။ သူတို့တတွေကို စိတ်နှစ်ခွရှိတဲ့သူတွေ (two-spirit people )လို့ ခေါ်ပြီး လူ့အဖွဲ့အစည်းမှာ အထူးတာဝန်ကို ထမ်းဆောင်သူတွေအဖြစ် မှတ်ယူကြပါတယ်။ လာကိုတာယောက်ျားတစ်ယောက်က winktes တွေရဲ့မြစ်ဖျားခံရာကို ဇီဝဗေဒပညာအားဖြင့် ရှင်းပြတာကို ဖတ်ကြည့်ပါဦး။ “ကျွန်တော်တို့လူမျိုးတွေ အယူအဆက မိန်းမတစ်ယောက်ဗိုက်ထဲမှာ သန္ဒေသားလောင်းနှစ်ယောက်ရှိနေရင် အမြွှာနှစ်ယောက်မွေးမယ်၊ ဒီလိုမဟုတ်ဘဲ တစ်ယောက်တည်းမွေးလာရင် သန္ဒောသားလောင်းနှစ်ခုက လူတစ်ယောက်တည်းအဖြစ် ပေါင်းစည်းသွားပြီး အဲဒီ့ကလေးက ယောက်ျားတစ်ဝက်-မိန်းမတစ်ဝက်နဲ့ဖွဲ့စည်းထားတာလို့ မြင်ကြတယ်”
 
ဒီလိုပါပဲ အနောက်တိုင်းမဟုတ်တဲ့ ဓလေ့တွေမှာ မိန်းမတွေက ယောက်ျားနေရာယူ (ဒါမှမဟုတ် ယောက်ျား၊ မိန်းမနှစ်ယောက်လုံးရဲ့နေရာယူ)ပြီး သမားရိုးကျမိန်းမဆန်တဲ့မိန်းမတွေကို ပါတနာအဖြစ်ထားတာမျိုး ရှိပါတယ်။ ၁၆ရာစု ဘရာဇီးအရှေ့မြောက်ပိုင်းမှာ ဒီလိုမိန်းမတွေရှိခဲ့ဖူးတယ်လို့ Walter Williams ကဆိုပါတယ်။ “သူတို့တွေက ဆံပင်ကိုလည်း ယောက်ျားကေမျိုးထားတယ်။ လေးတွေမြားတွေနဲ့ ယောက်ျားတွေနဲ့အတူ စစ်ထဲလည်း လိုက်တာပဲ။ သူ(မ)ကိုပြုစုမဲ့ မိန်းမလည်းရှိပြန်တယ်။ သူတို့အချင်းချင်း တကယ့်လင်မယားတွေလို ပြောဆိုဆက်ဆံကြတယ်” လေ့လာတွေ့ရှိသူတွေက ဂရိဒဏ္ဍာရီထဲက သူရဲကောင်းမိန်းမတွေနဲ့ တူတဲ့ ဒေသခံမိန်းမတွေကို ဘရာဇီးရဲ့မြစ်ကြီးနာမည်အတိုင်း အမ်မဇွန်လို့ ခေါ်ဆိုခဲ့ကြတယ်။
 
စိတ်နှစ်ခွရှိတဲ့သူတွေနဲ့ အမ်မဇွန်တွေဟာ သူတို့နဲ့ ဇီဝလိင်အားဖြင့်တူညီသူတွေကို တပ်မက်တဲ့အတွက် လိင်တူချစ်သူလို့ပဲ သတ်မှတ်ရမှာပါ။ ဒါ့အပြင် သူတို့ဟာ ယနေ့အခေါ် လိင်ပြောင်းလဲထားသူတွေလည်း ဖြစ်ပါတယ်။ (လိင်ပြောင်းလဲထားသူတွေအကြောင်းကို ခေတ်ပြိုင်လိင်တူချစ်သူယောက်ျားမိန်းမတွေ အကြောင်းပြောရာမှာ သိပ်ထည့်ပြောလေ့မရှိကြပါဘူး) ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ မိန်းမတော်တော်ဆန်တဲ့လိင်တူချစ်သူယောက်ျားတွေနဲ့ ယောက်ျားတော်တော်ဆန်တဲ့ လိင်တူချစ်သူမိန်းမတွေရှိပါတယ်။ သူတို့တွေဟာ လိင်တူချစ်သူ ဆိုတဲ့အသုံးနဲ့ လိင်ပြောင်းလဲထားသူဆိုတဲ့အသုံး နှစ်ခုကြား လပ်နေတဲ့ထဲမှာ ရောက်နေပါတယ်။ ဥပမာပြောရရင် အမေရိကန်ပြည်ထောင်စုက Chastity Bono ဆိုဟာ လိင်တူချစ်သူမိန်းမတစ်ယောက်လို့ နှစ်ပေါင်းများစွာ ခံယူခဲ့ပြီး ၂၀၀၉မှာ ယောက်ျားအဖြစ် လိင်ပြောင်းပြီး နာမည်ကိုလည်း Chaz လို့ ပြောင်းလိုက်ပါတယ်။ စိတ်နှစ်ခွရှိသူတွေနဲ့ အမ်မဇွန်တွေကိုလည်း နှစ်ခုကြားထဲလပ်နေတဲ့သူတွေလို့ ယူလို့ရမှာပါ။
 
စိတ်နှစ်ခွရှိသူတွေ ဒါမှမဟုတ် အမ်မဇွန်တွေနဲ့ ပါတနာလိုနေတဲ့ သမားရိုးကျလိင်သဘာဝရှိတဲ့သူတွေကိုကျ ဘယ်လိုသတ်မှတ်မလဲ။ ဒီနေ့လိင်တူချစ်သူလို့ခေါ်နေတဲ့ ယောက်ျားမိန်းမတွေနဲ့ အတူတူပဲလား။ တချို့ကတော့ ဟုတ်ဖို့များပါတယ်။ ဒါပေမဲ့ သူတို့တတွေကို ပုံမှန်ယောက်ျား၊မိန်းမတွေနဲ့ ခွဲမမြင်ခဲ့ကြပါဘူး။ winkte နဲ့ အတူတူနေတဲ့ လာကိုတာယောက်ျားတွေဟာ ဒီ့မတိုင်ခင် ဒါမှမဟုတ် ဒါပြီးတော့ မိန်းမတွေနဲ့ လိင်ဆက်ဆံ၊ လက်ထပ်တာမျိုး ရှိနေတာပါပဲ။ အဲဒီ့တုန်းက တစ်လင်တစ်မယားစနစ်မကျင့်သုံးတာကြောင့် ယောက်ျားတစ်ယောက်ဟာ တစ်ပြိုင်တည်းမှာ winkte  နဲ့ ဇနီးမိန်းမ ယူထားကြပါတယ်။ ဒီလိုလုပ်တဲ့အတွက် အပြောင်ခံရနိုင်ပေမင့် winktesတွေဆက်ဆံခံရသလိုမျိုး အမြီးပေါက်နေတဲ့သူတွေလို သူတို့ သတ်မှတ်မခံရပါဘူး။ သူတို့ကို လိင်တူချစ်သူတွေလို့ သေချာပေါက်ပြောဖို့အတွက်ကတော့ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာဘ၀ (mental lives) တွေကို ကျနော်တို့ အခုသိထားတာထက်ပိုပြီး သိဖို့လိုအပ်ပါလိမ့်မယ်။
 
ဒါ့ကြောင့် အရင်ခေတ်ကလူတွေအကြောင်းလေ့လာမှုတွေ၊ မတူညီတဲ့ယဉ်ကျေးမှုဓလေ့တွေက လေ့လာမှုတွေဟာ ရှေ့နောက်မညီ အဖြေအမျိုးမျိုးထွက်နေပါတယ်။ တစ်ဖက်ကကြည့်ရင် အားလုံးမှာ လိင်တူချစ်သူတွေ၊ လိင်ပြောင်းထားတဲ့လိင်တူချစ်သူတွေကို ကျယ်ကျယ်ပြန့်ပြန့်တွေ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ (အမေရိကန်ပြည်ထောင်စုကိုဆိုလိုတယ်) တွေ့ရတဲ့ လိင်တူချစ်သူယောက်ျားမိန်းမတွေလို ကိုယ့်ဇီဝလိင်ကို နဂိုအတိုင်းထားပြီး လိင်တူချစ်သူထားတာမျိုး တခြားဓလေ့တွေမှာ သိပ်မတွေ့ရပါဘူး။ ဒီနေ့ခေတ်မှာ တွေ့ရနေကျစုံတွဲတွေလို့ သတ်မှတ်ထားတဲ့ သက်တူရွယ်တူ၊ သမားရိုးကျလူမှုလိင်ရှိတဲ့ယောက်ျားမိန်းမတွေ တွဲဖက်ကြတာမျိုး တခြားဓလေ့တွေမှာ နည်းပါတယ် ဒါမှမဟုတ် စာရင်းကောက်ရာမှာ သိပ်မတွေ့ရပါဘူး။ အသက်အရွယ်အားဖြင့် ဒါမှမဟုတ် လူမှုလိင်အားဖြင့် မတူတဲ့သူတွေ တွဲဖက်ကြတာမျိုး ပိုတွေ့ရပါတယ်။ (ဥပမာ- ကျားကျားလျားလျားယောက်ျားနဲ့  နွဲ့နွဲ့လျလျယောက်ျား တွဲဖက်တာမျိုး) လူမှုဗေဒပညာရှင် Stephen Murray ရဲ့အသုံးအနှုန်းအရဆို တခြားဓလေ့တွေရဲ့ လိင်တူချစ်ခြင်းပေါင်းဖက်မှုတွေဟာ အသက်အားဖြင့်ကြီးစဉ်ငယ်လိုက်စီစဉ်မှု (age-stratified ) နဲ့ လူမှုလိင်အားဖြင့်ပိုင်းခြားထားမှု (gender-stratified ) ကိုအခြေခံထားပြီး ကျွန်တော်တို့(အမေရိကန်ပြည်ထောင်စု)ဆီမှာတော့ အားလုံးတန်းတူညီတူ (egalitarian ) သဘောမျိုးနဲ့ ပေါင်းဖက်ကြတာ သွားတွေ့ရပါတယ်။
 
ဒီလို ဓလေ့ထုံးစံတွေကြား ကွဲပြားမှုတွေရှိနေတာဟာ လိင်စိတ်တိမ်းညွတ်မှုကို ဇီဝဗေဒအားဖြင့် နားလည်ဖို့ ကြိုးစားရမှာ အနှောင့်အတားတစ်ခုဖြစ်နေသလား။ မဖြစ်နိုင်ပါဘူး။ မတူညီကွဲပြားနေတယ်ဆိုပေမင့် မိုးနဲ့မြေလို ကွာခြားမှုမျိုးမှမဟုတ်ပဲ။ သမားရိုးကျဖြစ်တဲ့ လိင်တူချစ်သူတွေရော သမားရိုးကျမဟုတ်တဲ့ လိင်တူချစ်သူတွေရော ဓလေ့တိုင်းမှာရှိနေတာပဲ။ ထင်သာမြင်သာရှိတာပဲကွာနေတာ။ (ဒီနေရာမှာ သမားရိုးကျမဟုတ်တဲ့ လိင်တူချစ်သူဆိုတာ ဂေးပေမင့် ကျားကျားလျားလျားရှိသူ၊ လက်စဘီယံပေမင့် နွဲ့နွဲ့လျလျရှိသူကို ဆိုလိုပါတယ်) လွန်ခဲ့တဲ့နှစ်တစ်ရာလောက်အတွင်းမှာ အမေရိကန်လက်စဘီယံတွေကြား ကြီးမားတဲ့ပြောင်းလဲမှုတွေဖြစ်ခဲ့ပါတယ်။ လူမှုလိင်သမားရိုးကျမဖြစ်မှု (gender-nonconformity)ကို အလေးပေးခြင်း နဲ့ လူမှုလိင်သမားရိုးကျဖြစ်မှု (gender-conformity)ကို အလေးပေးခြင်းတို့ကြား၊ နှစ်ဦးလုံးတန်းတူညီတူဖြစ်တဲ့ဆက်ဆံရေး (egalitarian relationships) နဲ့ လူမှုလိင်အားဖြင့်ပိုင်းခြားထားမှုအပေါ်အခြေခံတဲ့ဆက်ဆံရေးကြား (gender-stratified relationships) မှာ ဖြစ်ပါတယ်။ ဒီပြောင်းလဲမှုတွေဖြစ်လာတာ ၁၉၆၀၊ ၇၀ နှစ်များဆီက အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုလို လူမှုတွန်းအားတွေကြောင့်ပါပဲ။ ဒါပေမင့် ဒါတွေဟာ လိင်တူချစ်သူယောက်ျား၊မိန်းမတွေကို အမျိုးအစားအုပ်စု ခွဲခြားရာမှာ  မတူညီကွဲပြားမှုအဆင့်ဆင့် (spectra of gender diversity)ရှိနေတယ်ဆိုတဲ့ အရှိတရားကို ဖုံးသွားပါတယ်။ လိင်စိတ်တိမ်းညွတ်မှုကို ဇီဝဗေဒအားဖြင့် ချဉ်းကပ်မဲ့ သီအိုရီဟာ လိင်တူချစ်ခြင်းနဲ့ လူမှုလိင်အားဖြင့် သမားရိုးကျမှသွေဖီခြင်း (ဥပမာ- ယောက်ျားလေးပေမင့် ဘောလုံးစိတ်မဝင်စား၊ မိန်းမပေမင့် အချက်အပြုတ်ဝါသနာမပါတာ) ဘယ်လိုဆက်စပ်နေသလဲဆိုတာ ရှင်းပြဖို့လိုပါတယ်။ ဒါ့အပြင် လိင်တူချစ်သူတွေကြားမှာကို တစ်ဦးချင်းစီရဲ့လူမှုလိင်နဲ့ပတ်သက်တဲ့လက္ခဏာရပ်တွေမှာ မတူညီကွဲပြားမှုတွေ ရှိနေတာကိုလည်း ရှင်းပြဖို့လိုပါတယ်။ (ဥပမာ- လိင်တူချစ်သူယောက်ျားချင်းအတူတူ တစ်ယောက်က ဖက်ရှင်စိတ်ဝင်စားပြီး ကျန်တစ်ယောက်က အလေးမရတာဝါသနာပါနေတာမျိုး၊ လိင်တူမိန်းမချင်းအတူတူ တချို့နှုတ်ခမ်းနီဆိုးလေ့ရှိပြီး တချို့က ယောက်ျားလိုဝတ်စားတတ်တာမျိုး) လိင်စိတ်တိမ်းညွှတ်မှုနဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့အချက် တော်တော်များများ (အထူးသဖြင့် ဓလေ့အမျိုးမျိုးမှာ လိင်တူချစ်ခြင်း ဒါမှမဟုတ် လိင်ကွဲချစ်ခြင်းကို လက်ခံထားပုံ၊ အပြုအကျင့်ချင်း ကွဲပြားပုံတွေ) ကို ဇီဝဗေဒ လေ့လာမှုတွေက လက်လှမ်းမမီနိုင်ဘူးဆိုတာကို လက်ခံဖို့လိုအပ်ပါတယ်။

(ဆက်ရန်)

Gay, Straight, and the Reason Why: The Science of Sexual Orientation by Simon LeVay

No comments:

Post a Comment